တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသဖြင့် မိုးစဲကျွန်းရှိ ကျေးရွာပေါင်း ၃၀ ခန့်မှဒေသခံများ အခက်အခဲဖြစ်နေ

တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသဖြင့် မိုးစဲကျွန်းရှိ ကျေးရွာပေါင်း ၃၀ ခန့်မှဒေသခံများ အခက်အခဲဖြစ်နေ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသည့်အတွက် မိုးစဲကျွန်းဒေသခံများမှာ ကျန်းမာရေးကိစ္စများနှင့် ပတ်သက်ပြီး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးစဲကျွန်းတွင် ကျေးရွာပေါင်း ၂၈ ရွာရှိပြီး ကျန်းမာရေးကိစ္စများအတွက် ဦးဂါတိုက်နယ်ဆေးရုံနှင့် ကူတောင်တိုက်နယ်ဆေးရုံ တို့ကို အဓိကအားထားနေကြရသည်။ လက်ရှိမှာ အဆိုပါတိုက်နယ်ဆေးရုံများ၌ ဆရာဝန်မရှိသည့်အတွက် အခက်ကြုံတွေ့နေကြခြင်း ဖြစ်သည်။

ဦးဂါတိုက်နယ်ဆေးရုံကို ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဆေးရုံစဖွင့်ချိန်မှ စတင်၍ ယခုအချိန်ထိ ဆရာဝန်တစ်ဦးမျှ မရောက်ရှိသေးသဖြင့် အထက်တန်းသူနာပြု တစ်ဦးတည်းနှင့်သာ ဆေးရုံကို လည်ပတ်နေရသည်။ ကူတောင်တိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်မရှိသည်မှာ တစ်လကျော်အထိ ရှိလာနေပြီဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

“ဦးဂါ တိုက်နယ်မှာဆိုရင် ဆေးရုံဆောက်တာ ၂ နှစ်၊ ၃ နှစ်ရှိသွားပြီ။ ဆရာဝန်က အခုထိ မရောက်သေးဘူး။ ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ နောက် ကူတောင်တိုက်နယ်ဆေးရုံမှာဆိုရင် ဆရာဝန်ရှိခဲ့တယ်။ ဆရာဝန်ရှိခဲ့တုန်းကတော့ ဒေသခံပြည်သူတွေအတွက် အားကိုးရတာပေါ့။ အခု ဆရာဝန်မရှိတော့ဘူး။ အဲတော့ ဒေသခံပြည်သူတွေအတွက် အခက်အခဲတွေ အရမ်းရှိတယ်”ဟု ဦးဂါကျေးရွာမှ ကိုမောင်မြတ်အောင်က ပြောသည်။

ဦးဂါတိုက်နယ်ဆေးရုံတွင် ဆရာဝန်ရောက်ရှိလာစေရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာသို့ စာတင်ပြတောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကူတောင်တိုက်နယ်ဆေးရုံတွင် တာဝန်ကျနေသည့် ဆရာဝန်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက နယ်ပြောင်းတာဝန်ကျသဖြင့် ပြောင်းရွှေ့သွားပြီဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် မိုးစဲကျွန်းရှိ တိုက်နယ်ဆေးရုံ နှစ်ခုစလုံးတွင် ဆရာဝန်မရှိဘဲဖြစ်နေသဖြင့် ကျန်းမာရေးမကောင်းသော ဒေသခံများမှာ ရသေ့တောင်မြို့နှင့် စစ်တွေမြို့သို့ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြရသည်။

မိုးစဲကျွန်းမှလမ်းများသည် ကျောက်ခင်းလမ်းများဖြစ်သဖြင့် လူနာများမှာ ကြမ်းတမ်းသည့်လမ်းများမှတစ်ဆင့် ရသေ့တောင်နှင့် စစ်တွေမြို့ပေါ်သို့ ဆေးကုသမှုခံယူရန် သွားလာနေရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ကူတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းအောင်က ပြောသည်။

“လမ်းက တအားဆိုးပါတယ်။ အရင်က ကူတောင်မှာ ဆရာဝန်ရှိတုန်းကဆိုရင် ကျန်းမာရေး၊ ရောဂါဖြစ်ရင် ကူတောင်ကို အရေးပေါ်သွားပြကြတယ်။ အခုက မြို့ပေါ်ကို တကူးတက သွားပြရတဲ့အခါ (ပါဒလိပ်)ဘုတ်ဆိပ်ရောက်တဲ့အထိ ကားနဲ့ သွားရတယ်။ နာကျင်နေတဲ့လူနာတွေက အဲဒီဘုတ်ဆိပ်ရောက်ဖို့ကို လမ်းကြမ်းတဲ့ဒဏ်ကို ခံပြီးသွားကြရတဲ့အခါ အခန့်မသင့်ဘဲ လမ်းမှာ အသက်အန္တရာယ် တခုခုဖြစ်မှာတော့ စိုးရိမ်မိပါတယ်”ဟု သူကပြောသည်။

ထိုသို့ ကျန်းမာရေးအခက်အခဲများနှင့် ကြုံတွေ့နေရသည့်အတွက် မိုးစဲကျွန်းရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ အမြန်ဆုံးချပေးရန် ကျေးရွာသားများက လိုလားနေကြသည်။

ဦးဂါကျေးရွာမှ ကိုမောင်မြတ်အောင်က “စစ်တွေတို့၊ ရသေ့တောင်မြို့ပေါ်တို့ သွားဖို့ကလည်း လမ်းခရီးတွေက ကျောက်လမ်းတွေဖြစ်တော့ အဆင်မပြေဘူး။ နောက် မြစ်ကိုဖြတ်ပြီး သွားရတာတွေကြောင့် အခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်တို့ ဒေသခံတွေအနေနဲ့ဆိုရင် ဒီတိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်တွေ ရှိစေချင်တာပေါ့”ဟု ဆိုသည်။

မိုးစဲကျွန်းရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသဖြင့် ကျန်းမာရေး အခက်အခဲတွေ့နေရခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်ကျန်းမာရေးဦးစီးဌာနမှူး ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်နှင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...