နိုင်ငံတဝန်းကဘုရားတွေမှာ စစ်ကောင်စီက စုပေါင်းသန့်ရှင်းလုပ်ပြီး ယတြာချေ

နိုင်ငံတဝန်းကဘုရားတွေမှာ စစ်ကောင်စီက စုပေါင်းသန့်ရှင်းလုပ်ပြီး ယတြာချေ

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ ဘုရားစေတီပုထိုးနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တို့က ထုံးသင်္ကန်းကပ်လှူတာနဲ့ စုပေါင်းသန့်ရှင်းရေးတွေပြုလုပ်ပြီး ယတြာချေခဲ့တယ်လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က နေပြည်တော်အပါအဝင် ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးက ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုးတွေမှာ တပြိုင်နက်တည်း ထုံးသင်္ကန်းကပ်လှူတာနဲ့ စုပေါင်းသန့်ရှင်းရေးလုပ်ဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားခဲ့တာပါ။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်အတိုင်း တိုင်းနဲပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုးတွေမှာ စစ်ကောင်စီဝန်ထမ်းတွေ စုပေါင်းသန့်ရှင်းရေးလုပ်တာနဲ့ ထုံးသင်္ကန်းကပ်လှူတာတွေ လုပ် ဆောင်ခဲ့ကြောင်း ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာတော့ ကချင်၊ ကယား၊ ချင်း၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်အပါအဝင် မန္တလေး တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ဘုရားစေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ချုံနွယ်တွေခုတ်ထွင်ရှင်းလင်းတာနဲ့ ထုံးသင်္ကန်းကပ်တာ စတဲ့သန့်ရှင်းရေးလုပ်ငန်းတွေ ကို လုပ်ဆောင်ခဲ့ကြတယ်လို ထုတ်ပြန်ထားတာပါ။

CDM လေတပ် တပ်ကြပ်ကြီးဇေယျကတော့ စစ်ကောင်စီအနေနဲ့ ဒီလိုမျိုးတစ်နိုင်ငံလုံးတူညီစွာ လုပ်ဆောင်မှုဟာ ယတြာချေတာဖြစ်ပြီး အခုလိုဖြစ်စဉ်တွေ တပ်တွင်းနေစဉ် ကြုံဖူးတယ်လို့ ဆိုပါတယ်။

“တစ်နိုင်ငံလုံး တူညီစွာလုပ်တာဆိုတော့ ကျိန်းသေပါတယ်၊ ယတြာချေတာပါပဲ။ သူတို့တွေက ယတြာကို ကျွန်တော်တို့ သာမန်လူတွေထက် ပိုယုံတယ်။ ရာထူးကြီးလေ၊ ဗေဒင်တွေ၊ ယတြာတွေတအားလုပ်လေပဲ။ အပြင်မှာသာ သတ်ဖြတ်နေတာ၊ တပ်ထဲမှာ အမလေး ဓမ္မစင်္ကြာတွေတောက်လျှောက်ရွတ်တာ၊ တအားကြောက်။ အခုလည်း ဒါကယုံကြည်မှုလိုချင်လို့လုပ်တာထက် ယတြာချေတာပေါ့၊ ထုံးသင်္ကန်းလည်း ကပ်တယ်ဆိုတော့ တစ်နိုင်ငံလုံးတစ်ချိန်တည်းလုပ်တာဖြစ်တဲ့အတွက် ညွှန်ကြားချက်နဲ့ကို သီး သန့်ကို လုပ်တာပါ။ ကျွန်တော်တို့လည်း အထဲမှာ ဒါမျိုးတွေကြုံဖူးတာကိုး” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေလုပ်ခဲ့တဲ့နည်းအတိုင်း ဘာသာရေးကိုအသုံးချပြီး လူထုကို အယုံသွင်းတာဖြစ်သလို စစ်ကောင်စီလက်ထက်မှာလည်း အာဏာတည်မြဲရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ တပ်ကြပ်ကြီးဇေယျက ဝေဖန်ပါတယ်။

နိုင်ငံတဝန်းရှိ ဘုရားတွေမှာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေတာတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေက လာရောက် ကြည့်ရှုအားပေးပြီး လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...