ရန်ကုန်ကမြို့နယ်တော်တော်များများ ရေပြတ်လပ်ကာအခက်ကြုံနေရ

ရန်ကုန်ကမြို့နယ်တော်တော်များများ ရေပြတ်လပ်ကာအခက်ကြုံနေရ

ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ မြို့တော်စည်ပင်က ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ ရေပေးဝေမှုဖြတ်တောက်လိုက်တာကြောင့် သုံးရေ၊ ချိုးရေတွေပြတ်လပ်ကာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေပြတ်လပ်သွားတဲ့ မြို့နယ်တွေက ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မရမ်းကုန်း၊ ရန် ကင်း၊ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ဖြစ်ပြီး လူနေထူထပ်ကာ အထပ်မြင့်တိုက်ခန်းတွေအများဆုံးရှိတဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။

“ ရေဖြတ်မယ်ဆိုတာ ကြိုမသိရဘူး။ တစ်နေ့ကပေါ့ ၂၁ရက် မနက်ပိုင်းကတည်းက မလာတော့တာ။ စည်ပင်ကိုဖုန်းဆက်တော့လည်း လှော်ကားကလာတဲ့ ရေလိုင်းပြင်နေလို့ နှစ်ရက်နေရင်ပြန်လာမယ် ပြောတယ်။ ဒါပေမဲ့ အခုထိမလာသေးဘူး။ ကြိုမသိရတော့ ရေခံထားတာမျိုးလည်း မလုပ်လိုက်ရဘူး။ အိမ်ကတိုက်ခန်းဆိုတော့ အများကြီးလည်း ကြိုလှောင်ထားလို့မရဘူး။ တစ်ရက်ဆိုတော်သေးတယ်။ အခုက သုံးရက်ရှိနေပြီ။ မီးကတော့ လာနေကျအချိန်မှာ လာနေသေးတယ်”လို့ ဗိုလ်တထောင်မြို့နယ်နေသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ရေပြတ်နေတဲ့မြို့နယ်တွေမှာ ရေစည်လှည်းတစ်စီးကိုငွေကျပ်လေးထောင်ဝန်းကျင်ခန့်နဲ့ ဝယ်ယူသုံးစွဲနေရပြီး အထပ်အမြင့်အလိုက်ရေသယ်ခပေးကာ ရေဝယ်ယူနေရတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၂၁ရက်နေ့ ညပိုင်းကလည်း ဘီလူးချောင်း ၂- တီကျစ်ဓာတ်အားလိုင်းတာဝါတိုင်တစ်တိုင် လဲကျပျက်စီးသွားတာကြောင့် ရန်ကုန်တိုင်းက နေရာတချို့မှာ မီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားတာကြောင့် ရေ၊ မီး တစ်ပြိုင်တည်း ပြတ်တောက်သွားပြီး နေ့စဉ်လူမှုဘဝမှာ အခက်ကြုံလာမှာကိုလည်း ရန်ကုန်မြို့နေပြည်သူတွေက စိုးရိမ်နေကြပါတယ်။

အခုလို ရေပြတ်လပ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ချက်တစ်စုံတစ်ရာ ပြောဆိုထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...