ညောင်လေးပင်ခရိုင် တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

ညောင်လေးပင်ခရိုင် တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အခုနှစ်ဆန်းပိုင်းစကပြီး ဒီကနေ့အချိန်ထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား

တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၅၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း(၅၅)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး(၁)ဦး အပါအဝင် (၄၇)ဦး သေဆုံးပြီး(၁၉)ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အတည်မပြုနိုင်သေးတဲ့ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၂)ဦး ကျဆုံးခဲ့ရပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ကောင်စီတပ်ဖွဲ့အသုံးပြုခဲ့တဲ့ စစ်ကား(၂၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

အဲဒီ(၁၅)ရက်တာ နေ့စဉ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုပေါင်း(၅၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေခဲ့ရပြီးဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ တာဝန်ခံတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲတွေဟာ နတ်သံ ကွင်း-ကျောက်ကြီးကားလမ်း၊ ကျောက်ကြီး- မုန်းကားလမ်းပေါ်မှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူများစွာဒုက္ခရောက်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို တစ်နှစ်တာရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ပြောဆိုထားပေမယ့် ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအပါအဝင် KNU ရဲ့ တခြားခရိုင် တပ်မဟာ နယ်မြေတွေမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ် လုပ်ဆောင် နေခဲ့တာကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး  စစ်ဘေးရှောင်ဦးရေလည်း ပိုမိုတိုးများလာနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...