စစ်ကောင်စီလက်ထက် ကျန်းမာရေးဝန်ဆောင်မှု ပိုမိုဆုတ်ယုတ်လာ

စစ်ကောင်စီလက်ထက် ကျန်းမာရေးဝန်ဆောင်မှု ပိုမိုဆုတ်ယုတ်လာ

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်နီးပါးကာလအထိ ကျန်းမာရေးယန္တရား ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးသလို ဝန်ဆောင်မှုကလည်း ပိုမိုဆိုးဝါးလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဆေးရုံတွေမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် ဆရာဝန်နဲ့ သူနာပြုအင်အားမလုံလောက်တာ၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းမပြည့်စုံတာ၊ စီမံခန့်ခွဲမှု အား နည်းခြင်းတို့ဟာ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်တာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ CDM လှုပ်ရှားမှုကြောင့် ဆေးရုံတွေမှာ ဆရာဝန်နဲ့ သူနာပြုတွေကို အပြည့်အဝမခန့်နိုင်သေးသလို တိုက်နယ်ဆေးရုံတချို့လည်း ယနေ့အချိန်အထိ ပိတ်ထားရဆဲ ဖြစ်ပါတယ်။

လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီလက်ထက် ဆေးရုံတွေမှာ အရင်ထက်ကျန်းမာ ရေးဝန်ဆောင်မှု ၅၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်းလာကြောင်းနဲ့ အရေးကြီးလူနာတွေဆိုရင်လည်း သူတို့အားတဲ့အချိန်မှသာ ကုသပေးတဲ့အခြေအနေအထိ ဖြစ်လာတယ်လို့ ပြောပါတယ်။

“အရင်ပုံစံထက်စာရင်တော့ အများကြီးတော့ ကွဲလွဲတာပေါ့ဗျာ။ အရင်တုန်းကတော့ ဝန်ဆောင်မှု ကောင်းတာပေါ့။ အခုကတော့ ဝန်ဆောင်မှုတွေကတော့ နည်းလာတယ်။ လျော့လာတယ်။ (၅၀) ရာခိုင်နှုန်းလောက်ထိ လျော့ကျသွားတယ်။ ဂရုစိုက်မှုတွေလည်း မရှိတော့ဘူး။

လုပ်တဲ့လူတွေကိုယ်တိုင်ကကို စိတ်နဲ့လူနဲ့မကပ်နေတဲ့ ပုံစံတွေဖြစ်တယ်။ စေတနာတွေမရှိတဲ့ပုံစံမျိုး အဲဒီလိုပုံစံမျိုးတွေ ကျွန် တော်တို့တွေ့နေရတယ်။ အရေးကြီးလူနာတွေဆိုလည်း သူတို့အားမှလုပ်ပေးတဲ့ပုံစံမျိုးတွေလည်း ရှိတယ်။ နောက်တစ်ခု ကျွန်တော်တို့ ဒီမှာဘာထပ်ဖြစ်လဲဆိုတော့ ကျွန်တော်တို့ကားတွေ လမ်းဘေးမှာ မတော်တဆဖြစ်တဲ့ လူနာသွားပို့ရင် လူနာစောင့်မပါရင် ကျွန်တော်တို့တွေ ပြန်စောင့်နေရတဲ့ အနေအ ထားမျိုးတွေလည်းရှိတယ်။ အဲဒီ ပြဿနာတစ်ခု လူမှုအဖွဲ့အစည်းတိုင်း ကြုံရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဆေးရုံတွေမှာ အရေးပေါ်လူနာသွားရောက်ပို့ဆောင်ပါက ချက် ချင်းကုသဆောင်ရွက်ပေးတာတွေ မရှိတော့ဘဲ လူနာပိုင်ရှင်လာမှသာ ကုသပေးတာတွေရှိသလို သေဆုံးလူနာတွေကိုလည်း ရဲဆေးစာရမှသာ လက်ခံပေးတာတွေရှိတယ်လို့ သိရပါတယ်။

ဆေးရုံမှာသွားရောက်ကုသဖူးတဲ့ ပြည်သူတစ်ဦးကလည်း စစ်ကောင်စီလက်ထက် ဆေးရုံတွေမှာ အရေးပေါ် လူနာတွေကို ချက်ချင်းကုသပေးတာမရှိဘဲ စောင့်ဆိုင်းခိုင်းတာတွေရှိသလို ပြောဆိုဆက်ဆံရာမှာလည်း ခက်ထန်လာတယ်လို့ သူ့အတွေ့အကြုံကို အခုလိုပဲ ပြောပါတယ်။

“ဆေးရုံရောက်တော့ သူတို့ အဲဒီမှာ မေးတယ်တဲ့။ နာမည်ရယ်၊ မိဘ နာမည်ရယ် မေးတယ်။ မေးပြီးရင် စာအုပ် ရေးတာပေါ့။ စာအုပ်ရေးပြီးရင် သူတို့က ခဏထိုင်စောင့်ခိုင်းတာပေါ့ နာရီဝက်လောက်၊ ပြောမယ်ဆို ဆေးရုံကောင်တာမှာ ကြာတာပေါ့ကွာ။ လူတော့ရှိနေတယ်။ သူနာပြုအနီတွေရော၊ အပြာတွေရောတွေ့တယ်။ အရင်လိုတော့ သိပ်မဟုတ်တော့ဘူးလေ သိတယ်ဟုတ်လား။ အခုက သိပ်မလုပ်ပေးတော့ဘူး။ စကားပြောတာလည်း နည်းနည်းခပ်မာမာပေါ့။ ယုယုယယ မလုပ်ပေးတော့ဘူး။ စကားပြောတာလည်း နည်းနည်းခက်ထန်ထန်လေးတွေ ဖြစ်ကုန်ပြီ”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံ ဆေးရုံတွေမှာ အရင်လိုဆေးကုသခွင့် ဝန် ဆောင်မှု မရတော့တဲ့အတွက် အပြင်ပုဂ္ဂလိကဆေးရုံတွေမှာ သွားရောက်ပြသပါကလည်း ငွေကြေး အဆမတန်ကုန်ကျတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာပါ။

စစ်ကောင်စီ လက်အောက်ခံ ဆေးရုံတွေဟာ အရင်လိုလူနာတွေကို ချက်ချင်းလက်ခံ ကုသပေးတာမရှိတော့တဲ့အတွက် ပြည်သူတွေအနေနဲ့ အချိန်မီဆေးကုသမှုမခံရတာကြောင့် မသေသင့်ဘဲသေဆုံးနေရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ CDM ဆရာဝန်နဲ့သူနာပြုတွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို CDM ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အပြင်ပုဂ္ဂလိကဆေးရုံတွေမှာမခန့်ဖို့ ဖိအားပေး ခြိမ်း ခြောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...