Published
Monday, September 18, 2017
တက္ကသိုလ် စာယဉ်များကို မွန်ပြည်နယ်အစိုးရ ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများပေးအပ်
စက်တင်ဘာ ၁၈ ရက်၊ စောမြတ်ဦးသာ
မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများအတွက် ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများကို မွန်ပြည်နယ်အစိုးရက ပေးအပ်ခဲ့သည်ဟု ပြည်နယ်ကရင်လူမျိုးတိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ ပြောသည်။
ဝန်ကြီး စောအောင်မြင့်ခိုင်က “တက္ကသိုလ် ကရင်စာယဉ် ကျောင်းသား၊ ကျောင်းသူတွေဟာ ကရင်နေ့ထူးနေ့မြတ်ပွဲဖြစ်ဖြစ် ပြည်နယ်အအဆင့် အစိုးရပွဲ ဖြစ်ဖြစ်၊ အနုပညာအဖွဲ့တွေရှိတာပေါ့၊ တစ်ချို့ကျောင်းက ကရင်ဒုံးအဖွဲ့ဝတ်စုံတွေ တူရိယာပစ္စည်းတွေ ငှားရတော့အဆင်မပြေဘူး။ ကျောင်း ၅ ကျောင်းစာအတွက် ကရင်ဒုံးတစ်ဖွဲ့စာဝတ်စုံ ၄ဝ စုံနဲ့၊ ရိုးရာတူရိယာ ပစ္စည်း တစ်စုံစီ ထောက်ပံ့ပေးတာပါ” ဟု စက်တင်ဘာ ၁၈ ရက်တွင် ကေအိုင်စီသို့ ပြောသည်။
ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း စသည့် တက္ကသိုလ်နှင့် သိပ္ပံကျောင်း ၅ ကျောင်းရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများကို ကော်မတီတစ်ခုလျှင် ကျပ် ၁၅ သိန်းစီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မော်လမြိုင်တက္ကသိုလ် ကရင်စာယဉ်အတွင်းရေးမှူး စောဝင်းနိုင်က “ ကျနော်တို့အားလုံး ကျောင်းတဖက်နဲ့ ဆိုတော့အသင်းမှာ ရံပုံငွေသိပ်မရှိဘူး။ အစိုးရပွဲတို့၊ ကရင်နှစ်သစ်ကူးပွဲတွေမှာ ရိုးရာဒုံးသွားကပေးရင် ရလာတဲ့ဆုငွေတွေကို တူရိယာပစ္စည်းတွေ စုဆောင်းဝယ်ယူရတယ်။ မပြည့်စုံဘူး ပေါ့နော်။ အစိုးရက ဒုံးအကဝတ်စုံနဲ့ တူရိယာ အစုံထောက်ပံ့ပေးတော့ ကိုယ့်ရိုးရာအက ဖော်ထုတ်တဲ့နေရာမှာ ပိုပြီးတော့ ပီပြင်အောင် လုပ်လာနိုင်မယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ၂၇၅၆ ခုနှစ် ကရင်နှစ်သစ်ကူး အခမ်းအနားကျင်းပရန် ကျပ်သိန်း ၁၅ဝ၊ ပြည်နယ်ကရင်စာယဉ် စုပေါင်းသင်တန်းဆင်းပွဲအတွက် ကျပ်သိန်း ၆ဝဝ၊ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားများအတွက် ကျပ်သိန်း ၁၆ဝ၊ ယခုတက္ကသိုလ်များ ကရင်စာယဉ်အဖွဲ့များကို ရိုးရာဝတ်စုံနှင့် တူရိယာတစ်စုံစီအတွက် ကျပ် ရ၅ သိန်းပံ့ပိုး ပေးအပ်ထားပြီး ဖြစ်သည်။







