နယ်မြေမတည်ငြိမ်မှုကြောင့် ဆောင်းခိုငှက်လာကြည့်သူ မရှိလောက်နည်းပါး

နယ်မြေမတည်ငြိမ်မှုကြောင့် ဆောင်းခိုငှက်လာကြည့်သူ မရှိလောက်နည်းပါး
ဆောင်းခိုငှက်များ တွေ့ရစဥ် (ပုံဟောင်း)
ဆောင်းခိုငှက်များ တွေ့ရစဥ် (ပုံဟောင်း)

စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေတည်ငြိမ်မှုမရှိခြင်းနှင့် စစ်ဆေးမှု များလာခြင်းကြောင့် ဆောင်းခိုငှက်လာကြည့်သူ မရှိသလောက်နည်းသွားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းနှင့် ငှက်ကြည့်သူတို့ထံမှ သိရသည်။

ဆောင်းခိုငှက်များ လာရောက်ကျက်စားတက်သည့် မုတ္တမပင်လယ်ကွေ့တွင် နှစ်စဥ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပက ငှက်ကြည့်သူတွေ လာရောက်လေ့ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ နယ်မြေတည်ငြိမ်မှုမရှိခြင်းနှင့် စစ်ဆေးမှု များလာခြင်းကြောင့် ငှက်ကြည့်ရှု့သူ လာရောက်မှုမရှိတော့ကြောင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ကိုသောင်းက ပြောသည်။

“နိုင်ငံ‌ရေး အခြေအနေမကောင်းတော့ သိပ်မလာဘူး။ ခါတိုင်းနှစ်တွေကျတော့ လာတယ်၊နိုင်ငံခြားသားတွေလည်း မကြာမကြာရောက်တယ်၊ အခု မရောက်တော့ဘူး၊ မနှစ်ကလည်း မရောက်ဘူး။ ဒီနှစ်လည်း သိပ်မရောက်ဘူး” ဟု ၎င်းက ပြောသည်။

မုတ္တမပင်လယ်ကွေ့သည် ကမ္ဘာ့မျိုးသုန်းရန် စိုးရိမ်ရအဆင့်တွင်ရှိနေသည့် ရေညှောင့်နှုတ်ဝိုင်း (ဒီလုံး) ငှက်များ ဆောင်းခိုသည့် အဓိကနေရာဖြစ်ပြီး ကမ္ဘာ့ရှားပါးငှက်မျိုးများအပါအဝင် ဆောင်းခိုငှက်နှင့် ရေပျော်ငှက်အကောင်ရေ တစ်သိန်းခွဲကနေ နှစ်သိန်းကြား နှစ်စဥ်နှစ်တိုင်း လာရောက် ကျက်စားလေ့ ရှိသည်ဟု ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းထံမှ သိရသည်။

ဆောင်းခိုငှက်များသည် နိုဝင်ဘာလခန့်တွင် စတင်ဝင်ရောက်လေ့ရှိပြီး ဒီဇင်ဘာလနှင့်ဇန်နဝါရီလတွင် ဆောင်းခိုငှက် အများဆုံးဝင်ရောက်သည့်ကာလ ဖြစ်သည်ဟုလည်း သိရသည်။ ယခုနှစ်မှာတော့ မုတ္တမပင်လယ်ကွေ့သို့ ဆောင်းခိုငှက်ဝင်ရောက်မှု နောက်ကျနေသည်ဟုလည်း ကိုသောင်းက ပြောသည်။

“ကျနော်တို့ဆီမှာ ဒီနှစ်က နုံးတွေက နောက်ကျတယ်ပေါ့၊ ခါတိုင်းဆို နတ်တော်၊ ပြာသိုဆိုရင် နုံးတက်ပြီလေ၊ နုံးတွေ မရှိတော့ ငှက်တွေကို သိပ်မတွေ့ရသေးဘူး။ နုံးတက်မှ ဒီကောင်တွေက အစာလာစားတယ်၊ များတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံရှိ အရေးကြီးရေဝပ်ဒေသနှင့် အခြားကုန်းတွင်းဒေသ အနှံ့အပြားသို့ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အုပ်စုဖွဲ့ကာ အများဆုံး ဝင်ရောက်လေ့ ရှိကြပြီး စပါး၊ ရေမှော်၊ ခရု၊ ငါး၊ ပုစွန်၊ ကဏန်းငယ်များ စသည်တို့ကို စားသောက်နေ ထိုင်ကြကာ ဆောင်းရာသီအကုန် မတ်လတွင်အစပြု၍ ပြန်လည် ထွက်ခွာသွားလေ့ရှိသည်။

မုတ္တမပင်လယ်ကွေ့တွင် လာရောက်ကျက်စားတက်သည့် ဆောင်းခိုငှက်များကို ထိန်းသိမ်းရန် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ ၂၀၀၈ ခုနှစ်က စတင်လေ့လာခဲ့ပြီး ၂၀၁၀ ခုနှစ်မှစကာ ငှက်ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...