ရခိုင်အရေးနှင့် ပတ်သက်၍ ဂျပန်ရောက်မြန်မာတိုင်းရင်းသား ၅၀၀ ခန့် ကုလတက္ကသိုလ်ရှေ့တွင် ဆန္ဒပြ

ရခိုင်အရေးနှင့် ပတ်သက်၍ ဂျပန်ရောက်မြန်မာတိုင်းရင်းသား ၅၀၀ ခန့် ကုလတက္ကသိုလ်ရှေ့တွင် ဆန္ဒပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာနိုင်ငံ တိုင်းရင်းသားများဖြစ်သည့် ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ချင်း၊ ပလောင်နှင့် ပအို့ဝ်အပါအဝင် မြန်မာနိုင်ငံသားနှင့် ဂျပန်လူမျိုး ၅၀၀ ခန့်က စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၃ နာရီတွင် UN University (ကုလသမဂ္ဂ တက္ကသိုလ်) ရှေ့တွင် ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ ဒေသခံတိုင်းရင်းသားတွေ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်။ တိုင်းရင်းသား ကျေးရွာတွေ ၊ ဘုန်းကြီးကျောင်းတွေဟာ မီးရှို့ခံခဲ့ရတယ်၊ တိုင်းရင်းသားတွေ ဒေသစွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတာကို ဂျပန်နဲ့ ကမ္ဘာကသိစေဖို့ ဒီဆန္ဒပြပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးလှအေးမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များတွင် တိုင်းရင်းသားများ အသတ်ခံခဲ့ရသော်လည်း ကမ္ဘာ့မီဒီယာကြီးများဖြစ်သည့် BBC ,VOA အပါအဝင် အခြားကမ္ဘာ့မီဒီယာကြီးများသည် တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးမှုများကို လုံးဝဖေါ်ပြခြင်း မရှိဘဲ ဘင်္ဂါများ၏ နစ်နစ်ချက်များကိုသာ တစ်ဘက်သတ်ဖေါ်ပြခဲ့သည်ဟု ဆိုသည်။

“နိုင်ငံတကာ မီဒီယာတွေက တစ်ဘက်သတ်ဖေါ်ပြလိုက်တော့ အကြမ်းဖက်ခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ကမ္ဘာ့မျက်နှာစာမှာ လူမိုက်အဖြစ် ပုံဖေါ်ခံရပြီးတော့ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေက မှန်နေသယောင်ယောင် ဖြစ်သွားခဲ့ပါတယ်”ဟု ဦးလှအေးမောင်က ပြောသည်။

ယင်းဆန္ဒပြပွဲသို့ ဂျပန်တွင် ကျောင်းတက်နေသည့် မြန်မာကျောင်းသားများ၊ အလုပ်လာလုပ်သည့် မြန်မာနိုင်ငံသားများ၊ ၀န်ထမ်းများနှင့် ဂျပန်လူမျိုးတစ်ချို့လည်း ပူးပေါင်းပါ၀င် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြရာတွင် “အစွန်းရောက်အကြမ်းဖက် ကျူးကျော်သူများ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော နိုင်ငံတော်အစိုးရအား ထောက်ခံပါသည်၊ ရိုဟင်ဂျာဆိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသား မဟုတ်”စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

“လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ရခိုင်ပြည်နယ်မှာ ၁၉၄၂ နှစ်က ဖြစ်ပွားခဲ့တာပါ။ အင်္ဂလိပ်အစိုးရက ဂျပန်တွေကို တိုက်ခိုက်ဖို့အတွက် ဘင်္ဂါလီတွေကို V Force ကို ဖွဲ့စည်းပြီးတော့ လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂါလီတွေဟာ အဲ့ဒီလက်နက်တွေကို ဂျပန်တွေကို မတိုက်ဘဲ ရခိုင်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ဘူးသီးတောင် မောင်တောမှာ ရခိုင်တိုင်းရင်းသားကျေးရွာ ၄၀၀ လောက် မီးရှို့ခံခဲ့ရပါတယ်။ ရခိုင်လူမျိုး ၃၀၀၀၀ လောက်အသတ်ခံခဲ့ရပြီးတော့ ၁ သိန်းကျော် ဒေသစွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်”ဟု ဦးလှအေးမောင်က ထပ်လောင်းပြောကြားသည်။

၄င်းဆန္ဒပြပွဲကို ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ဦးဇော်မင်းခိုင်၊ ဦးရဲငြိမ်း၊ ဦးလှအေးမောင်၊ ဦးကျော်ကျော်စိုး၊ ဦးသန်းဆွေနှင့် ဦးဇော်မင်းထွန်းတို့ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့ ဘင်္ဂါလီအကြမ်းဖက်သမားများက ရခိုင်တိုင်းရင်းသားများအား လူမျိုးတုံးသတ်ဖြတ်ခဲ့သော်လည်း မည်သည့် ကမ္ဘာ့မီဒီယာကြီးကမှ ဖေါ်ပြခြင်းမရှိဘဲ ခိုးဝင်ဘင်္ဂါလီများသာ လူမျိုးတုန်းသတ်ဖြတ်ခံနေကြရသည်ဟု မဟုတ်မမှန် ရေးသားဖေါ်ပြနေကြသည်ဟု ဆိုသည်။

ယင်းအပြင် ဂျပန်နိုင်ငံမှ သတင်းဌာနများသည်ပင်လျှင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများ ညှင်းပန်းနှိပ်စက် ခံနေကြရသည်ဟုသာ ချဲ့ကားဖေါ်ပြနေကြသည်ဟု ၄င်းကပြောသည်။

ဆန္ဒပြသူများအနေဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများ လှုပ်ရှားဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ကို UN ရုံးအရာရှိအား ပေးအပ်ခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲကို နေ့လယ် ၃ နာရီတွင်စတင်ပြီး ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...