တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် ဦးအောင်မင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၃ရက်တွေ့မည်

တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် ဦးအောင်မင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၃ရက်တွေ့မည်
by -
မဇ္ဈိမ
 ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လာမည့် ဇူလိုင်လ ၃ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ အသစ်ဖွဲ့စည်းလိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက် တွေ့ဆုံဆွေးနွေးရန်အတွက် လက်ခံ၊ မလက်ခံ အစိုးရ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“အဓိက အန်ကယ်တို့ရဲ့ အဖွဲ့သစ်ကို သူတို့ လက်ခံလား၊ လက်မခံလားဆိုတာ သိဖို့ အဖြေရမယ်။ လိုအပ်တဲ့ ကျွန်တော်တို့ ပြင်ဆင် မှုတွေကို သူတို့ လက်ခံဆွေးနွေးမလား။ လက်မခံဘူးလားဆိုတာ သိရမှာပါ၊ တကယ်လို့ သူတို့က လက်မခံဘူး ဆိုရင် နောက်တခါ မတွေ့ဖြစ်တော့ဘူးပေါ့၊ ဒီမှာက အလွတ်သဘော ဦးအောင်မင်းက သတင်းလာပို့မှာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

အကယ်၍ အစိုးရဘက်မှ အသစ်ဖွဲ့စည်းလိုက်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် လက်ခံပါက ပြည်တွင်း၌ တွေ့ဆုံမည့် ရက်သတ်မှတ်၍ ပြန်လည်တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သူက ပြောသည်။

လာမည့် ဇူလိုင်လ ၃ ရက်တွင် ဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ အလွတ်သဘောတွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မူကြမ်းနှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များ၏ ပြင်ဆင်ချက်များ ကို ဆွေးနွေး မည် ဖြစ်ကြောင်း MPC မှ ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

“၃ ရက်နေ့လောက်တော့ ဖြစ်မယ်ထင်တယ်။ ဦးအောင်မင်းကတော့ ငြိမ်းချမ်းရေးအတွက် NCA မူကြမ်းကနေ မူချောဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးမှာပါ။ အဖွဲ့သစ်နဲ့လည်း အလွတ်သဘောက တွေ့မှာပါ။ အဓိကတော့ တိုင်းရင်းသားတွေ ဘက်က ပြင်ထားတဲ့ဟာပဲ ဆွေးနွေးမှာပါ”ဟု သူက ပြောသည်။

ဇွန်လဆန်းက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းအပေါ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာ ညီလာခံတွင် ပြန်လည်သုံးသပ်၍ ပြင်ဆင်ဖြည့်စွက်ခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်သည့် ခေါင်းဆောင်များနှင့် ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က သဘောတူညှိနှိုင်းမှုရရှိခဲ့သော အဆိုပါ စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ခဲ့ပြီးနောက် UPWC နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ထပ်မံ ဆွေးနွေးရန် ညှိနှိုင်းနေခြင်း ဖြစ်သည်။

ယင်းအသစ်ဖွဲ့စည်းလိုက်သော အဖွဲ့နှင့် အစိုးရတို့ ပြန်လည်တွေ့ဆုံဆွေးနွေးရန်နှင့် စာချုပ်မူကြမ်းကို ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဘက်မှ ကိုယ်စားလှယ် သုံးဦးက ဦးအောင်မင်းထံ တင်ပြဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးချက်အပေါ် ပြန်လည်တုံ့ပြန်ရန်အတွက် လာမည့် ဇူလိုင်လ ၃ ရက် အလွတ်သဘောတွေ့ဆုံမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နေချိန်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရ စစ်တပ်တို့အကြား နေ့ စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေသည်။

၂၀၁၃ ခုနှစ်ကုန်ပိုင်းမှစတင်၍ ဦးအောင်မင်း ဦးအောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) တို့အကြား တရားဝင် ရ ကြိမ်မြောက် တွေ့ဆုံဆွေးနွေး၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းပါ အချက်များကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...