အစိုးရက ရိုးရာတူမီးသေနတ်တွေ သိမ်းတော့မယ်တဲ့လား

အစိုးရက ရိုးရာတူမီးသေနတ်တွေ သိမ်းတော့မယ်တဲ့လား
by -
ချင်းဝေါလ်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားတဲ့ ချင်းပြည်နယ်အစိုးရကို မိမိအနေနဲ့ အထူးလေးစားမိပါတယ်။ ဒါပေမယ့် တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ လိုင်းစင်မဲ့ ရိုးရာချင်းတူမီးသေနတ်တွေအားလုံးကို ပြည်နယ်အစိုးရက သိမ်း(ဖျက်ဆီး)မယ်ဆိုတာကတော့ ကျွန်တော့်အနေနဲ့ ပေါင်းရှင်းရင်း မြက်နဲ့စပါး ရောနှုတ်လိုက်သလိုမျိုးနဲ့ အလားသဏ္ဍန်တူတယ် လို့ထင်တယ်။

အင်္ဂလိပ်ကိုလိုနီခေတ်တုန်းကလည်း ကျန်တော်တို့ ချင်းပြည်နယ်ရှိ တူးမီးသေနတ်ပေါင်း တစ်သောင်းကျော် သိမ်းခဲ့ဖူးတာကိုလည်း ပြေးမြင်မိတယ်။

CBTလိုင်စင်မရှိလို့ သိမ်းမယ်ဆိုတာတော့ဟုတ်ပြီ – ဒါဆိုရင်လိုင်စင်သိမ်းမယ့် ချင်းပြည်နယ်အစိုးရက လိုင်စင်(သစ်)ထုတ်ပေးပိုင်ခွင့် အာဏာရော ရှိသလား။ တစ်နည်းအားဖြင့် လိုင်စင်တောင် မထုတ်ပေးနိုင်တဲ့့သူက အဲလိုသိမ်းမယ်ဆိုတာကတော့ မတရားတဲ့အပြင်  သံသယဝင်စရာဖြစ်တယ်။ ခိုင်းတဲ့သူများရှိလို့လား… စသည်ဖြင့်။

ချင်းတောင် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းဖို့ အထူးလိုအပ်တာကိုတော့ ငြင်းစရာမဟုတ်ပါ။ ဒါပေမယ့် အဲဒီအတွက် သေနတ်သိမ်းတဲ့ ပေါ်လစီထက် လက်တွေ့ကျတဲ့ နည်းလမ်းအများကြီး ရှိတယ်မဟုတ်လော။ ဥပမာအားဖြင့် သတ်ဖြတ်ဖမ်းဆီးခွင့်မရှိသောတိရစ္ဆာန်များကို စာရင်းပြုထုတ်ပြန်ခြင်း၊ ကန့်သတ်ခြင်းနှင့် ကျူးလွန်သူကိုအရေးယူခြင်း၊ တိရစ္တာန်များ မျိုးပွားကာလတွင် အမဲလိုက်မှုမှန်သမျှကန့်သတ်ခြင်း (သေနတ်အပြင် ကျော့ကွင်းကအစ)၊ တောရိုင်းတိရစ္ဆာန်သတ်ဖြတ်ရောင်းစားခြင်းကို စီးပွားရေးအဖြစ်အသုံးပြုမှုကို ကန့်သတ်ခြင်း စတဲ့နည်းလမ်းများကို စနစ်တကျ အကောင်အထည်ဖော်နိုင်ပါတယ်။ ဒါဟာနိုင်တကာမှာလည်း Wildlife Protection Law, Endangered Spices Act စသည့်များဖြင့် ကျင့်သုံးနေတဲ့နည်းလမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီဥပဒေက အတန်အသင့်ရှိပြီးသားပါ။ နောက်ပြီးတော့ ကျား၊ ၀က်ဝံ၊ မြေခွေး သတ်ဖြတ်သူများ ဆုချီးမြှင့်တဲ့ ချင်းအက်ဥပဒေကိုလည်း ခေတ်နဲ့အညီ ပြင်ဆင်လိုက်လို့ရပါတယ်။

တစ်ချို့ကပြောတယ် “ချင်းတွေက အမိန့်ဥပဒေဆို လိုက်နာမှာမဟုတ်ဘူး၊ ဒါကြောင့် သေနတ်ပဲသိမ်းလိုက်တာရှင်းပါတယ်” လို့အလွယ်တကူပြောကြတယ်။ ဒါဟာ သေးသိမ်တဲ့အတွေးပါ။ ဥပဒေဆိုတာ ဘယ်နိုင်ငံမဆို ၁၀၀% လိုက်နာဖို့ဆိုတာ စိန်ခေါ်မှုရှိကြတာပါပဲ။ လက်ရှိအမေရိကန်နိုင်ငံအကျဉ်သား ဦးရေက ချင်းပြည်နယ်လူဦးရေထက် ၄ဆများပိုများနေတယ်။ သူများနိုင်ငံကလည်း လိုက်နာကျင့်သုံးနိုင်တဲ့ဟာကို ကျွန်တော်တို့ ချင်းလူမျိုးကျမှ ဘာလို့မလိုက်နာနိုင်ရမှာလဲ။ နောက် – သေနတ်သိမ်းရင်လည်း သားကောင်ဖမ်းချင်တဲ့သူတွေက ကျော့ကွင်းထောင်လို့ရတာပဲ။

ကျွန်တော်အဲလိုပြောလိုက်လို့ ကျွန်တော်တို့ရဲ့ရိုးရာတူမီးသေနတ်တွေကို စည်းကမ်းမဲ့၊ အကန့်သတ်မဲ့ဖြင့် ကိုင်ဆောင်အသုံးပြု ရမယ်ဆိုလိုတာမဟုတ်ပါ။ စနစ်တကျ ကန့်သတ်မှုတစ်ချို့တော့ရှိသင့်ပါတယ်။ ကျွန်တော်တို့ ညီအကို မီဇိုရမ်းပြည်နယ်မှာလည်း ယနေ့အထိ ကိုင်ဆောင်ခွင့်ပေးထားပါတယ်။

ကမ္ဘာ့သမိုင်းနဲ့ ချင်းသမိုင်းပဲကြည့်ကြည့်၊ ယနေ့ချင်းပြည်နဲ့ ကမ္ဘာ့အခင်းအကျင်းကိုပဲကြည့်ကြည့် သေနတ်ဆိုတာ… ရိုးရာဖြစ်တယ်၊ လုံခြံုရေးဖြစ်တယ်၊ အားကစားဖြစ်တယ်၊ စီးပွားရေးဖြစ်တယ်။  သေနတ်ကို အမဲလိုက်တဲ့ ပစ္စည်းသက်သက်အနေနဲ့ မြင်နေရင် အရမ်းကျဉ်းမြောင်းပါလိမ့်မယ်။ အခြေအနေနဲ့ ထောင့်ပေါင်းစုံကို ထည့်တွက်ရမယ်။ လက်ရှိချင်းပြည်နယ်ရှိ သေနတ်ပေါင်း သောင်းဂဏန်းကို“ရောင်းရင်ရောင်း၊ မရောင်းနိုင်ရင် လာအပ်၊ ဒါမှမဟုတ် လွှတ်ပစ်ပါ” ဆိုပြီးပြောသွားတာကတော့ လွယ်လွန်းအားကြီးတယ်။

နောက်ဆုံးအနေနဲ့ တောရိိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာမှာရော ပြည်တွင်းမှာရော နည်းလမ်းကောင်းများ ကျင့်သုံးနေကြတာကို အရင်လေ့လာကျင့်သုံးကြရအောင်။ နောက်ဆုံးမှာမှ စဉ်းစားသင့်တဲနည်းလမ်းကို အရင်ဆုံးမစဉ်းစားစေလိုပါတယ်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...