တိုက်နယ်ဆေးရုံရရှိရေး ရသေ့တောင်တွင် လူပေါင်း ၄၀၀ ခန့် ဆန္ဒဖော်ထုတ် တောင်းဆို

တိုက်နယ်ဆေးရုံရရှိရေး ရသေ့တောင်တွင် လူပေါင်း ၄၀၀ ခန့် ဆန္ဒဖော်ထုတ် တောင်းဆို
by -
နိရဥ္စရာ
Photo: News Watch
Photo: News Watch
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှ လူပေါင်း ၄၀၀ ခန့်သည် ၎င်းတို့၏ ဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ချက် အများအပြားရှိနေသည့်အတွက် တိုက်နယ်ဆေးရုံ တစ်ရုံ ရရှိရေးအတွက် ဇွန်လ ၃၀ ရက်နေ့က ရသေ့တောင်မြို့ပေါ်သို့ ချီတက်ပြီး ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ထိုှဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ကျောက်တန်းဒေသခံ ကိုမောင်သောင်းချေက “အဓိက တောင်းဆိုတာက ဆေးရုံပါဘဲ။ ကျွန်တော်တို့ ဒေသ မှာ အုပ်စုပေါင်း ၁၈ ခု၊ ကျေးရွာပေါင်း ၄၂ ရွာရှိတယ်။ လူပေါင်း သုံးသောင်း ငါးထောင်ခန့်ရှိတယ်။ အခုထက်ထိ တိုက်နယ်ဆေးရုံ မရှိဘူး။ ဆရာဝန် မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မူ လိုအပ်နေတယ်။ ဒါကြောင့် တိုက်နယ်ဆေးရုံ တစ်ရုံချပေးဖို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကျောက်တန်းတိုက်နယ်သည် ရသေ့တောင်မြို့နယ် မြောက်ဘက် အစွန်ဆုံး မေယူမြစ် အရှေ့ဘက်တွင် တည်ရှိပြီး ယခင်က ဗမာကွန်မြူနစ်ပါတီ ကြီးစိုးသော နေရာတစ်ခု ဖြစ်သည်။ ဗမာကွန်မြူနစ်ပါတီ ကြီးစိုးစဉ်က အစိုးရစာသင်ကျောင်းများကို ပိတ်ပင်ခဲ့သဖြင့် အများစု ကလေးငယ်များမှာ ယင်းအချိန်က ကျောင်းစာကို ကောင်းစွာ မသင်ကြားခဲ့ရရာမှ လက်ရှိအချိန်ထိ ပညာတတ်သူများ အလွန်နည်းပါးနေသေးသည်ဟု သိရသည်။

“ကျွန်တော်တို့ ဒေသက မြို့နဲ့လည်း အလှမ်းဝေးတယ်။ ရေလမ်း တစ်ခုကိုပဲ အားကိုးနေရတယ်။ မြို့ကို ရေလမ်းခရီးက သွားမယ်ဆို ရင် မြို့နယ် အစွန်ဆုံး ရေကောင်းချောင်းရွာက ဆိုရင် ၅ နာရီကြာတယ်။ ခရီးဝေးတဲ့ အတွက် လူနာတွေ မသေသင့်ဘဲ သေဆုံးနေရတယ်။ ကျွန်တော်ဒေသက လူတွေက ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျ နေတယ်။ ဒါပေမယ့် အစိုးရက ဘာမှ ဆောင်ရွက်ပေးတာ မရှိဘူး” ဟု သူက ဆိုသည်။

ထိုကဲ့သို့ ရသေ့တောင်မြို့တွင် ကျောက်တန်းနယ်မြေမှ ဒေသခံပြည်သူများ ဆန္ဒပြတောင်းဆိုမှုအပေါ် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဦးအောင်ကျော်မင်းက “ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရမှာ တိုက်နယ်ဆေးရုံ၊ ဆရာဝန် ချပေးပိုင်ခွင့် မရှိဘူး။ ဒါကို ပြည်ထောင်စု အစိုးရက ကိုင်ထားတယ်။ ကျွန်တော်တို့က တင်ပြရုံသာ တင်ပြနိုင်တယ်။ ဆုံးဖြတ်တာက ပြည်ထောင်စု အစိုးရဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယင်းအပြင် ပြည်ထောင်စု အစိုးရ အနေဖြင့် ဒေသအားလုံးကို တပြေးညီထား၍ ဆုံးဖြတ်ချက်ချခြင်းများ ရှိနေသဖြင့် ရခိုင်ပြည်နယ်ကဲ့ သို့ မြစ်ချောင်းများ ပေါများရာ ဒေသများအနေဖြင့် နစ်နာမှုများ ရှိရသည်ဟု ဆိုသည်။

“ဗမာပြည်မက တိုင်းဒေသကြီးတွေမှာက တစ်နေရာက တစ်နေရာကို သွားမယ်ဆိုရင် ချက်ချင်း ကားနဲ့ သွားလာလို့ရ တယ်။ ဆေးရုံကြီးတွေရှိတဲ့ နေရာတွေကိုလည်း ချက်ချင်းသွားနိုင်တယ်။ ရခိုင်မှာက မြစ်ကြီးတွေ ခြားနေတဲ့ အတွက် မြို့နယ်တွင်း မှာတောင် တစ်နေရာနဲ့ တစ်နေရာ သွားလာလို့ မလွယ်ကူဘူး။ ဒါကြောင့် ရခိုင်ဒေသအတွင်း မြို့နယ်တစ်ခုတည်းဖြစ်ပေမယ့် သွားလာရေး ခရီးခက်ခဲတာကြောင့် ဆေးရုံတွေ ချပေးဖို့ တောင်းဆိုပေမယ့် ဖြစ်မလာတာတွေ ရှိပါတယ်။ အခုတော့ နည်းနည်း အရင်ကနဲ့စာရင် ပြည်နယ် အစိုးရကို လုပ်ပိုင်ခွင့်ပေးလာတာတော့ ရှိပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

ကျောက်တန်း ဒေသခံများသည် ရသေ့တောင် သင်္ဘောဆိပ်မှ  စထွက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ဖြတ်သန်းချီတက်ခဲ့ကြပြီး တိုက်နယ်ဆေးရုံ ရရှိရေးအတွက် ကြွေးကြော်သံများ ပြိုင်တူးကြွေးကြော်ကာ တောင်းဆို ချီတက် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲကို နေ့လယ် ၁၂ နာရီမှ  ၁ နာရီ ထိ ပြုလုပ်ခဲ့သည်။

ကျောက်တန်း တိုက်နယ်တွင် ယခုအချိန်ထိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တစ်ခုသာ ရှိသေးသည်ဟု သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...