ခရီးသည်မရှိလို့ အဝေးပြေးယာဉ်လိုင်းအချို့ ရပ်နားပြီး အချို့ကားအစီးရေလျော့ချပြေးဆွဲ

ခရီးသည်မရှိလို့ အဝေးပြေးယာဉ်လိုင်းအချို့ ရပ်နားပြီး အချို့ကားအစီးရေလျော့ချပြေးဆွဲ
မော်လမြိုင်မြို့ အဝေးပြေးဂိတ်
မော်လမြိုင်မြို့ အဝေးပြေးဂိတ်

မွန်ပြည်နယ်အတွင်းမှ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ ခရီးသည်မရှိသောကြောင့် ယာဥ်လိုင်းအချို့ ရပ်နားပြီး အချို့ ကားအစီးရေလျော့ချ ပြေးဆွဲနေရကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်များထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းမပေါ် ညောင်ခါးရှည်ရွာအနီးက စစ်ဆေးရေးဂိတ်ကြောင့် လမ်းခရီး ကြန့်ကြာမှုများရှိနေသည့်အတွက် မော်တော်ယာဥ်ဖြင့် ခရီးသွားလာသူ လျော့ကျလာခဲ့ကြောင်း အဝေးပြေးယာဉ်လိုင်းတို့ထံမှ သိရသည်။

ခရီးသည်များ မရှိသည့်အတွက် အဝေးပြေးယာဥ်လိုင်းများ အရှုံးပေါ်ပြီး အချို့က ရပ်နားသွားကာ အချို့က ယာဥ်အစီးရေလျှော့ချ ပြေးဆွဲနေသည်ဟုလည်း အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူတို့က ပြောသည်။

“ အရင်လို မဟုတ်ဘူး။ စစ်ဆေးရေးဂိတ်တွေမှာ တန်းစီရတာ တော်တော်အချိန် ကြာတာကြောင့်လည်း ပါတယ်။ ခရီးသည်က မရှိတော့ဘူး။ ဆီဖိုးနဲ့က ဘယ်လိုမှ မကိုက်ဘူး  အဲဒါကြောင့် အခုဆို ပုံမှန် နှစ်စီးသွားနေတာကို တစ်စီးပဲ ပြေးတော့တယ်” ဟု မော်လမြိုင်- ရန်ကုန်သို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ယခင်က မော်လမြိုင်-ရန်ကုန်သို့ မော်တော်ယာဥ်သုံးစီးဖြင့် မနက်၊ နေ့လည်ဆိုပြီး နှစ်ချိန် ပြေးဆွဲခဲ့သော်လည်း ယခုအခါ ခရီးသည်မရှိသည့်အတွက် မနက်ပိုင်း တစ်စီးသာ ပြေးဆွဲနေရသည်ဟုလည်း ၎င်းက ထပ်ပြောသည်။

ခရီးသည်များ မရှိသည့်အတွက် မွန်ပြည်နယ်က အဝေးပြေး ယာဉ်လိုင်း ၂၀ ကျော် ရပ်နားသွားပြီလို့လည်း အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူတို့က ပြောသည်။

မော်လမြိုင်-ရန်ကုန်-ထားဝယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း “ အရင်လို ခရီးသည်တွေ မရတော့ဘူး။ ခရီးသည်မရလို့ ကုန်ပစ္စည်း အားကိုးရမလားဆိုတော့လည်း ကန့်သတ်ကုန်တွေရယ် ဖောက်စစ်တာတွေရယ်ကြောင့် ထင်သလောက်တော့ ပစ္စည်းမတင်ရဘူး” ဟု ပြောသည်။

ယခင်က မွန်ပြည်နယ်အတွင်းမှ အခြား တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၇၃ လိုင်း ရှိခဲ့သော်လည်း ယခုအခါ ယာဉ်လိုင်းသုံးပုံတစ်ပုံခန့်က ရပ်နားသွားခဲ့သည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...