ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်သည့် ပုဒ်မများကို ဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး ဥပဒေမူကြမ်းတွင် ပယ်ဖျက်ရန်တင်ပြထားသော လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ဆိုင်ရာ ပုဒ်မနှင့် ပတ်သက်၍ ဆက်လက်ထားရှိရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“အခြေခံဥပဒေကို ပြန်ကြည့်ရင် ၀န်ကြီးနဲ့ အစိုးရအဖွဲ့ကို လွှတ်တော်က စွပ်စွဲပြစ်တင်လို့ရတယ်။ ဒါကြောင့် ပြည်သူ့ကိုယ်စား လှယ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တင်မြောက်ထားတဲ့ ပြည်သူတွေက မကြိုက်မနှစ်သက်ရင် ပြန်လည် ဖြုတ်ချခွင့် ဆိုတာ ရှိသင့်တယ်။ မဏ္ဍိုင် ၃ ရပ်အပြန်လှန် ထိန်းကျောင်းနိုင်ဖို့အတွက် ပြည်သူကလည်း အရေးကြီးလို့ ပြည်သူရဲ့ အခွင့်ရေး မဆုံးရှုံးရအောင်လို့ပါ။ ၁ ရာခိုင်နှုန်းဆိုတာ နည်းနေရင် မဲဆန္ဒနယ်က ပြည်သူ ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်းလို့ ပြင်ဆင်သင့် တယ်” ဟု ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။
လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်း တိုးပါက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ဖော်ပြထားသည်။
ယင်းပုဒ်မကို အသုံးပြု၍ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ရုပ်သိမ်းပေးရန် တောင်းဆိုမှု အများအပြားရှိခဲ့ပြီး ဥပဒေတွင် ပြဌာန်းထားသည့် ၁ ရာခိုင်နှုန်းမှာ နည်းလွန်းနေသည့်အတွက် ဥပဒေအား ထပ်မံပြင်ဆင်ခြင်း သို့မဟုတ် နည်းဥပဒေများ ရေးဆွဲပြီးပါမှ အဆိုပါ ပုဒ်မအား အသုံးပြုရန် ယခင်က လွှတ်တော်တွင် ဆုံးဖြတ်ထားခဲ့သည်။
သို့သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မှ တင်သွင်းလာသည့် အခြေခံ ဥပဒေပြင်ဆင်ရေး မူကြမ်းတွင် အဆိုပါ ပုဒ်မအား ပယ်ဖျက်ရန် ဆိုပြီး ပါရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းပုဒ်မနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင်မူ ကန့်ကွက်ကြောင်း ၀င်ရောက်ဆွေးနွေးသူ မရှိခဲ့ပေ။
ပုဒ်မ ၄၃၆ (ခ) ကို သုံးပြီး ပြင်ဆင်ရမည့် ဥပဒေပုဒ်မများနှင့် ပတ်သက်၍ ၃ ရက်ကြာ ဆွေးနွေးကြမည် ဖြစ်ပြီး လာမည့်အပတ်တွင် အဆိုပါ ပုဒ်မများ ပြင်မပြင်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ကြမည် ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) အရ ယင်းနှင့် အကျုံးဝင်သည့် ပုဒ်မများမှာ ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ရ၅% ၏ ထောက်ခံချက်ဖြင့်သာ ပြင်ဆင်နိုင်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံမှု ရရှိရန် လိုအပ်နေသည်။







