လာမည့်ဒီဇင်ဘာလတွင် မွန်အမျိုးသားကောလိပ်ကျောင်း စတင်တည်ဆောက်မည်

လာမည့်ဒီဇင်ဘာလတွင် မွန်အမျိုးသားကောလိပ်ကျောင်း စတင်တည်ဆောက်မည်
လက်ရှိ သင်ကြားနေသော ကောလိပ်ကျောင်းသားများ အဆောက်အဦး
လက်ရှိ သင်ကြားနေသော ကောလိပ်ကျောင်းသားများ အဆောက်အဦး

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေ ရေးချောင်းဖျားဒေသ ညီစားစခန်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက မွန်အမျိုးသားကောလိပ်ကျောင်းတစ်ခုကို ဖွင့်လှစ်ထူထောင်ထားပြီး သင်ကြားမှုများ စတင်ခဲ့ပြီး ဖြစ်သော်လည်း ကျောင်းအဆောက်အဦကို လာမည့်ဒီဇင်ဘာလတွင် စတင် တည်ဆောက်သွားမည်ဟု သိရသည်။

ယင်းသို့ မွန်အမျိုးသားကောလိပ် ထူထောင်ပြီးဖြစ်သော်လည်း ကျောင်းသား/ကျောင်းသူများ စာသင်ကြားနိုင်ရန် ကျောင်းအဆောက်အဦများ အဆင်သင့် ရှိမနေဘဲ လက်ရှိ မွန်အမျိုးသား ပညာရေးကော်မတီမှ ဆောက်လုပ်ထားသည့် အဆောက်အဦများတွင် အဆင်ပြေသလိုသာ သင်ကြားနေရခြင်း ဖြစ်ပါသည်။

ထို့ ကြောင့် မွန်အမျိုးသားကောလိပ် ဦးဆောင်ကော်မတီမှ ပြည်တွင်း/ ပြည်ပရောက် မွန်ပြည်သူများနှင့် အခြားတိုင်းရင်းသားပြည်သူများမှ အလှုငွေများ ရရှိရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး လက်ရှိ အခြေအနေအရ အလှုငွေ ကျပ်သိန်း (၁၃၀၀) ကျော်သာ ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသားပညာရေးဌာန တာဝန်ခံဖြစ်သူ မိစားဒါးမှ "ကျောင်းတည်ဆောက်ဖို့အတွက်ကို မြေနေရာ ၁၀ ဧကကျော်ကျော်လောက် ကျွန်မတို့ပြင်ဆင်ထားပြီး ဖြစ်ပါတယ်၊ နောက် အလှုငွေကလည်း ကျပ်သိန်း တစ်ထောင်ကျော်ကျော်လောက် ရနေပြီ ဆိုတော့ လာမဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကျရင် ပန္နက်ချနိုင်ဖို့ မှန်းထားတယ်၊ ကျောင်းအဆောက်အဦကို နှစ်ထပ်ပုံစံနဲ့ ဒီဇိုင်း ဆွဲထားတယ်၊ တစ်ဆင့်ပြီးတဆင့် လုပ်သွားမယ်၊ ကျောင်းသားတွေကတော့ ကျောင်းဆောင်အသစ်ရဖို့ မျှော်နေကြပြီ" ဟု ပြောသည်။



မွန်အမျိုးသားကောလိပ်ဦးဆောင်ကော်မီတီမှ မျှော်မှန်းထားသည့် ကျောင်းအဆောက်အဦး

မွန်အမျိုးသားကောလိပ်ကျောင်းအဆောက်အဦအတွက် မြန်မာငွေကျပ်သိန်း (၆၀၀၀)၊ သို့မဟုတ် အမေရိကန်ဒေါ်လာ (၂) သိန်းကျော် လိုအပ်ပြီး နှစ်စဉ် ပညာရေးလုပ်ငန်း လည်ပတ်နိုင်ရေးအတွက် ကျပ်သိန်းနှစ်ထောင် သို့မဟုတ် အမေရိကန်ဒေါ်လာ (၆၅၀၀၀) ကျော် လိုအပ်မည်ဖြစ်ကြောင်း ရံပုံငွေ ရှာဖွေရေးကော်မတီမှ ခန့်မှန်း တွက်ချက် ထားပါသည်။

လက်ရှိ အခြေအနေအရ မွန်အမျိုးသားကောလိပ်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၀၀ နီးပါးခန့် တက်ရောက် ပညာသင်ကြားလျှက်ရှိပြီး ဘာသာရပ်တွေကို အွန်လိုင်းစနစ် Zoom ဖြင့် သင်ကြားနေရတာကြောင့် အင်တာနက်အခက်အခဲ အပါအဝင် လျှပ်စစ်မီး၊ ကွန်ပျူတာ မလုံးလောက်သည့်ပြဿနာလည်း ရှိနေကြောင်း သိရသည်။

မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ဖြစ်သူ ဒေါက်တာပညာမွန်က “ကောလိပ်တစ်ခု တည်ဆောက် တာက တာဝန်ကြီးတယ်ဆိုတာ ကျနော်တို့အားလုံး သိပြီးသားပါပဲ။ စာသင်ကြားပေးနေတဲ့ ဆရာ/မတွေ အရည်အချင်းပြည့် မပြည့်၊ ကျောင်းပြီးရင်တော့ ဒီကော်လိပ်က ကလေးတွေ အလုပ်ရလား၊ မရလား၊ တစ်ခြား (ပြည်တွင်း/ပြည်ပ) တက္ကသိုလ်တွေလည်း ကိုယ့်ရဲ့ ကောလိပ်ကျောင်းကို အသိမှတ်ပြုဖို့၊ နောက် အင်တာနက်ကိစ္စတို့၊ မီးကိစ္စတို့လည်း အခက်အခဲ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းအဆောက်အဦကို အလှူရှင်တွေကနေ ထောက်ပံ့ပေးထားတဲ့ ရံပုံငွေနဲ့ အရင်တည်ဆောက်သွားမယ်၊ ဘယ်တော့ပြီးမလဲ ဆိုတာလည်း မပြောနိုင်သေးဘူး” ဟု ပြောသည်။

ထို့ကြောင့် အဆင့်မြင့် မွန်အမျိုးသားကောလိပ်ကျောင်း ရေရှည်ရပ်တည်နိုင်ရေးနှင့် ကျောင်းအဆောက်အဦ အမြန် ပြီးစီးနိုင်ရေးအတွက် မွန်ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ကူးညီပေးကြပါရန် လိုအပ်ကြောင်း ဒေါက်တာပညာမွန်က တိုက်တွန်းထားသည်။

မွန်အမျိုးသားကောလိပ်ကျောင်းတွင် ဘာသာရပ် (၆) ခုဖြစ်သည့် Social Science, Mass Media and Journalism, Leadership and Management, Education Teaching, Education Management နှင့် Mon Literature တို့ကို သင်ကြားလျှက်ရှိပြီး တွဲဖက်ဝိဇ္ဇာဒီဂရီ (Associate Degree of Art) ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...