မူဆယ်မြို့ ဗုံးပေါက်ကွဲ ပြည်သူ့စစ် ၂ဦးအပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရ

မူဆယ်မြို့ ဗုံးပေါက်ကွဲ ပြည်သူ့စစ် ၂ဦးအပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  ပြည်သူ့စစ် ၂ဦးအပါအဝင်  ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မှ မင်္ဂလာ မူဆယ်ဘက်သွားသည့် လမ်းမကြီးတွင် ဆင်ထားသည့် ဗုံးသုံးလုံး ရှေ့ဆင့်နောက် ဆင့် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၇ ဦးရရှိခဲ့ရာ ထိုထဲတွင်ပြည်သူ့စစ်၂ဦးပါဝင်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်သူက လာဆင်ထားတဲ့ မိုင်းလဲတော့ မသိရဘူး။ဗုံးသုံးလုံးက တစ်နေရာတည်း ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားတာ၊အကျယ်ဆုံးကြားရတာတော့ တစ်လုံးပဲ၊ အနီးမှာ ရှိတဲ့ အိမ်တွေတောင်တုန်သွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ ၇ ယောက် ရှိပြီးဆေးရုံကို ပို့ထားလိုက်ပြီ၊ အဲ့ထဲမှာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်လည်းပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရသူများကို မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်း ဒေသခံများ ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင်အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များစစ်ဆေးမှု ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်သည် TNLA တအာင်း(ပလောင်) တပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် စစ်ကောင်စီ တို့ လှုပ်ရှားနေပြီးမကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...