ပလက်ဝမြို့တွင် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆန်အိတ်များရောက်ရှိပြီး အိမ်ထောင်စုစာရင်းဖြင့် ဝယ်ယူနေကြရ

ပလက်ဝမြို့တွင် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆန်အိတ်များရောက်ရှိပြီး အိမ်ထောင်စုစာရင်းဖြင့် ဝယ်ယူနေကြရ
ပုံ- ဓာတ်ပုံဟောင်း
ပုံ- ဓာတ်ပုံဟောင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် နိုဝင်ဘာ ၂ ရက်နေ့က တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆန်အိတ် (၁၄၀ဝ) ရောက်ရှိလာပြီး ဆန်ကုန်သည်များထံတွင် အိမ်ထောင်စု စာရင်းဖြင့်တင်ပြကာ တစ်အိမ်ထောင်တွင် ဆန်တစ်အိတ်နှုန်းဖြင့် အကန့်အသတ် ဝယ်ယူခွင့်ကြရသည်ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။

“အိမ်ထောင်စုစာရင်းနဲ့ဝယ်ရတယ် လွတ်လွတ်လပ်လပ်နဲ့ဝယ်တာမဟုတ်ဘူး ဒီမနက်ဆိုရင် တန်းစီရတယ်။ ကျမတို့ကရတယ် ကြိုတင်ပြီးတော့မှာထားတာ တစ်အိတ်ပဲရတယ်။ အားလုံးရလားတော့မသိဘူး။ ပေါ်ဆန်းမွှေးက ခုနှစ်သောင်းနဲ့တစ်ထောင်ပေးတယ် ကြက်ဥ၊ ကြက်သွန်လည်းရောင်းပေးတယ်” ဟု ပလက်ဝမြို့က အိမ်ရှင်မက ပြောသည်။

ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဆက်သွယ်ထားသော ရေလမ်းကြောင်း ပြန်လည်ဖွင့်ပေးရန် အောက်တိုဘာလအတွင်း ပလက်ဝမြို့ခရစ်ယာန်ဆရာတော်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ရပ်မိ/ ရပ်ဖတို့မှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ထံ ပြည်သူများကိုယ်စား စာရေးတင်ပြခဲ့ကြကာ ရေလမ်းကြောင်း တရားဝင်ဖွင့်ပေးခြင်း မရှိသော်လည်း ဆန်များ သယ်ယူခွင့်ရခဲ့ကြခြင်းဖြစ်သည်။

လက်ရှိရောက်လာသည့် ဆန်အိတ်များကို ဆန်ကုန်သည်များမှတဆင့် ရောင်းချပေးကာပုံမှန်ဆန်တစ်အိတ်တွင် (၅၂၀ဝ၀) ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ် (၇၂၀ဝ၀) ကျပ်၊ ကြက်ဥ ၄ လုံး (၁၀ဝ၀)၊ ကြက်သွန်နီ ၁ပိဿာ (၄၀ဝ၀) ကျပ် သီးသီးတို့ဖြင့် ဝယ်ယူကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ စက်လှေ ၄ စီးဖြင့် ဆန်အိတ်အပါအဝင် စားသောက်ကုန်ပစ္စည်းအနည်းငယ်နှင့် စက်သုံးဒီဇယ်ပေပါ ၄၀ ခန့်တို့ကို သယ်ယူခွင့် ရရှိခဲ့ကြသောကြောင့် ပလက်ဝမြို့ပေါ်တွင် ယခင်ဖြန့်ဝေနေကြသည့်အတိုင်း ရပ်ကွက်အလိုက် တရက်ခြားဖြင့် လျှပ်စစ်မီး ပြန်လည်ရရှိနေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

“ဒီဇယ်ပါလာတယ်။  မနေ့ကနေပြီး မီးပြန်ရပြီ၊ ရပ်ကွက်လိုက်ပေးတာ ပလက်ဝတမြို့လုံးကို နှစ်ဖွဲ့ခွဲပြီးမှ တလှည့်စီ တလှည့်ပေးတယ်။ မနေ့ညတော့ ရိက္ခာဖက်ရတယ် ဒီနေ့တော့ ကျွန်တော်တို့ဖက်ရမယ်” ဟု ပလက်ဝမြို့ခံက ပြောသည်။

ပလက်ဝမြို့တွင် အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်မိ/ရပ်ဖတို့၏ ဦးဆောင်မှုဖြင့် ရောက်ရှိလာသော ဆန်အိတ် ၁,၄၀၀ ဝန်းကျင်သည် အကန့်အသတ်ဖြင့် ဝယ်ယူနေရပြီး ဆန်လုံလောက်မှုမရှိခြင်းကြောင့် ဒုတိယအကြိမ် သယ်ယူခွင့်ရရှိရန် တာဝန်ရှိသူများထံ ထပ်မံစာရေးတင်ပြသွားရန်ရှိကြောင်းလည်း သိရှိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ပလက်ဝ-ကျောက်တော် ကုလားတန်မြစ် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဘက်မှ ပိတ်ပင်လိုက်ပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်လာခြင်းဖြစ်သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...