တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ပလက်ဝမြို့နယ် ကျေးရွာ ၃ ရွာက ပြည်သူများ စစ်ဘေးတိမ်းရှောင်

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ပလက်ဝမြို့နယ် ကျေးရွာ ၃ ရွာက ပြည်သူများ စစ်ဘေးတိမ်းရှောင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီ တပ်တို့ကြား စစ်ရေးတင်းမာနေမှုကြောင့် သာယာကုန်း ကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက ပြည်သူများသည် မီးဇာကျေးရွာသို့ ကြိုတင် စစ်ဘေး တိမ်းရှောင်လာကြသည်ဟု ၎င်းစစ်ဘေးရှောင် ကူညီပေးနေသူ ပလက်ဝမြို့က အသင်းတော်ဆရာတပါးက ပြောသည်။

“စကစနဲ့ တိုက်ပွဲဖြစ်လာရင် သေနတ်တွေကပြောလို့မရဘူး။ ရွာထဲကို ရောက်ကောင်း ရောက်နိုင်တယ်။  ဒါကြောင့် လုံခြုံတဲ့နေရာကိုပြောင်းရင်တော့ ပိုကောင်းတယ်လေ။ သူတို့က ကြောက်လို့ ပြောင်းလာတာပေါ့။ တိုက်ပွဲတော့ မဖြစ်ရသေးဘူး၊ ရွာရဲ့ တဖက်ကမ်းမှာ AA လည်းရှိတယ်။ ဒီဖက်ကျတော့လည်း စကစတွေ ကြားမှာရှိတဲ့ရွာ ဖြစ်နေတော့ တခုခုဖြစ်ရင်တော့ ကြောက်လို့ ထွက်လာတာ။ နောက်ပြီးတော့ အသွားလာကလည်း ပိတ်မှာစိုးလို့ ကြောက်တာလည်းပါတယ်” ဟု စစ်ဘေးရှောင် ကူညီပေးနေသူ ပလက်ဝမြို့က အသင်းတော်ဆရာတပါးက ပြောသည်။

မီးဇာကျေးရွာသို့ ကြိုတင်စစ်ဘေးရှောင်လာကြသော ကျေးရွာများမှာ သာယာကုန်း၊ ကျောက်ပလ္လနှင့် ဆပ်သာလ၀ကျေးရွာတို့ဖြစ်ကြသည်။

သာယာကုန်းကျေးရွာသည် မီးဇာနှင့် ၄ မိုင်ခန့်ကွာဝေးပြီး အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၂၀၀ ကျော်၊ ကျောက်ပလ္လကျေးရွာသည်လည်း အိမ်ထောင်စု ၃၀၊ လူဦးရေ ၁၀၀ ဝန်းကျင်နှင့် ဆပ်သာလဝကျေးရွာ သည် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

 မီးဇာတွင် ကြိုတင်စစ်ဘေးတိမ်းရှောင်လာသောပြည်သူများ နေထိုင်ရေးအတွက် အရေးပေါ်တဲအိမ်များဆောက်လုပ်ရန် လိုအပ်လျှက်ရှိသည်ဟု ယင်းအသင်းတော် ဆရာက ပြောသည်။

“အခု သူတို့က လောလောဆယ် နေဖို့အိမ်မရှိဘူး၊ တအိမ်ကို ဝါးက သုံးရာလောက် လိုတာကိုး အမိုးအကာနဲ့ဆိုရင် အနည်းဆုံး အိမ်တအိမ်ဆောက်ဖို့ နှစ်သိန်းလောက် လိုနေတယ်၊ ကျွန်တော်တို့အသင်းတော်က အခု ပို့တာက ဆယ်သိန်းလောက် ရှိတယ် မလောက်ဘူးလေ တရွာလုံး လိုအပ်နေတာကိုး အိမ်ခြေကများတော့ အနည်းဆုံး သိန်းတစ်ရာကျော်လိုမှာ” အသင်းတော်ဆရာက ပြောသည်။

ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် မီးဇာကျေးရွာက ဆွေမျိုး၊ ဘုရားကျောင်း၊ ဘော်ဒါအဆောင်တို့တွင် နေထိုင်လျှက်ရှိကြပြီး စားနပ်ရိက္ခာပိုင်းတွင်လည်း အကူအညီလိုအပ်လျှက် ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာခဲ့ပြီးနောက် ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူများသည် ပလက်ဝမြို့ပေါ်တွင်လည်း ထွက်ပြေး တိမ်းရှောင်နေကြရပြီး ယခုလက်ရှိ ပလက်၀မြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ ၅ ထောင်ကျော်ရှိသည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...