ဟားခါးမြို့တွင် ကူးစက်ရောဂါတစ်မျိုးကြောင့် မွေးမြူရေးဝက်များ သေဆုံးမှုများလာ

ဟားခါးမြို့တွင် ကူးစက်ရောဂါတစ်မျိုးကြောင့် မွေးမြူရေးဝက်များ သေဆုံးမှုများလာ

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် အမျိုးအစားမသိသည့် ကူးစက်ရောဂါတစ်မျိုးကြောင့် ပြည်သူများတပိုင်တနိုင် မွေးမြူထားသည့် ဝက်များ သေဆုံးမှုနှုန်း မြင့်တက်လာနေသည်ဟုသိရသည်။

“အခု ဟားခါးမှာ ဝက်တွေသေနေကြတယ်၊ တစ်ချို့ဆို တစ်ရက်မှာ နှစ်ကောင် သုံးကောင်သေတာပဲ၊ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆို သူရဲ့ ဝက်က လေးဆုပ်လောက်ရှိတယ် အဲတာလည်းသေတယ်လို့ပြောတယ်” ဟု ဒေသခံအမျိုးသမိးတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် အဆင်မြင့်ဓာတ်ခွဲကိရိယာများမရှိသည့်အတွက် ယခုပြန့်ပွားနေသော ဝက်ကူးစက်ရောဂါသည် မည်သည့်ရောဂါအမျိုးအစားဖြစ်သည်ကို အတိအကျမသိနိုင်သော်လည်း ရောဂါလက္ခဏာအရ ဝက်ဝမ်းကျရောဂါ (သို့မဟုတ်) အာဖရိကဝက်ရောဂါတမျိုးဖြစ်နိုင်သည်ဟု ဟားခါးမြို့က တိရိစ္ဆာန်ဆရာဝန် တစ်ဦးကပြောသည်။

“အခု ဝက်တွေက လုံးဝ လဲနေကြတာပေါ့နော်၊ လုံးဝ အစာအစားဘူး၊ ဝမ်းချုပ်တယ် အဲလိုနဲ့ တစ်ပါတ်လောက်ဖြစ်တယ်ပေါ့နော်၊ ဖြစ်နိုင်ချေကတော့ ကျွန်မတို့ ရောဂါလက္ခဏာကို ကြည့်ပြီး ဝက်ဝမ်းကျဖြစ်မလား ဒါမှမဟုတ် အာဖရိက ဝက်ရောဂါဖြစ်မလား အဲနှစ်ခုထဲ တစ်ခုဖြစ်မယ်လို့တော့ထင်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါဝက်နာရောဂါသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက စတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး ယခုအခါ ဟားခါးမြို့ပေါ်တွင် ဝက်ကောင်ရေ တစ်ရာကျော်ခန့် သေဆုံးသွားပြီဟု ဒေသခံများက ခန့်မှန်းထားကြသည်။

ဝက်ကူးစက်ရောဂါအများစုမှာ ကုသ၍မရသည့်အပြင် ကူးစက်ခံရလျှင် သေဆုံးနိုင်ချေ ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး ဝက်အချင်းချင်း ကူးစက်မှုမြန်ဆန်သောရောဂါဖြစ်ပြီး ဝက်မှ လူကို ကူးစက်နိုင်ခြင်းတော့မရှိကြောင်း သိရသည်။

ဝက်မွေးမြူသည့် ပြည်သူများအနေဖြင့် ကူးစက်မြန်ရောဂါဖြစ်သည့်အတွက် အစာကျွေးရာမှာ ဝက်သား အကြွင်းအကျန်များ မကျွေးရန်၊ ဝက်ခြံများ သီးသန့်ထားရှိရန် အချိန်မီကာကွယ်ဆေးများ ထိုးပေးနိုင်ကာ သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း တိရိစ္ဆာန်ဆရာဝန်ကပြောသည်။

ချင်းပြည်နယ်တွင် ဝက်များကို တပိုင်တနိုင်စီးပွားရေးအဖြစ် ဒေသခံပြည်သူအများစုက မွေးမြူနေကြတာဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ဟားခါးမြို့တွင် ဝက်နာကျရောဂါ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင်လည်း အာဖရိကဝက်နာကျရောဂါ (African swine fever (ASF) တစ်မျိုးကြောင့် ၁၈ လအတွင်း ဝက်ကောင်ရေ ၄ သောင်းကျော် သေဆုံးခဲ့သည်။

လက်ရှိ ဟားခါးမြို့တွင် ဒေသခံအချို့သည် ဝက်သားများစားသုံးရန် စိုးရိမ်နေကြပြီး ဝက်သားဈေးနှုန်းမှာ ယခင်က တစ်ပိဿာ တစ်သောင်းကျပ်ရှိရာမှ ယခုလက်ရှိ ဝက်သားတစ်ပိဿာကို တစ်သောင်းနှစ်ထောင်ကျပ်ရှိသည်ဟု သိရသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...