ထိုင်းက ကရင်ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်း ထုတ်တယ်ဆိုတဲ့ သတင်းမှားဖြန့်

ထိုင်းက ကရင်ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်း ထုတ်တယ်ဆိုတဲ့ သတင်းမှားဖြန့်

ထိုင်းအာဏာပိုင်တွေက ကော်သူးလေ Army ခေါင်းဆောင် ဗိုလ်ချုပ်နယ်ဒါးမြ အပါအဝင် KNU/KNLA က ဒု-ဗိုလ်မှူးကြီး စောရန်နိုင်နဲ့ ဗိုလ်ကျော်သက်တို့ကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို စစ်မာန်ဇော် ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က အောက်တိုဘာလ ၂၄ ရက်နေ့မှာ တင်ထားပါတယ်။

စစ်မာန်ဇော် ဆိုသူ Facebook အကောင့်ပိုင်ရှင်က “အာရှလမ်းများ အဖျက်အမှောက်လုပ်လို့ ကော့က ရိတ်မြို့ ကို အကြမ်းဖက်လို့ ထိုင်းကသူ့အကျိုးစီးပွားထိ ခိုက်လာတော့ ဖမ်းဝရမ်းကပ်တာပါ ထိုင်းဘက်ခြမ်း မှာ ကြော် ညာ ဘုတ်တွေထောင်ပြီးတော့ကို ကပ်ထားတာ ... ပြေးပေါက်ပိတ်သွားတာပေါ့ ဒီလောက်ပါပဲ” ဆိုပြီး (မူရင်း အရေး အသားအတိုင်း) ရေးတင်ထားပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကော်သူးလေ Army ခေါင်း ဆောင် ဗိုလ်ချုပ်နယ်ဒါးမြ အပါအဝင် KNU/KNLA က ဒု-ဗိုလ်မှူးကြီး စောရန်နိုင်နဲ့ ဗိုလ်ကျော်သက်တို့ကို ထိုင်း အစိုးရက ဖမ်းဝရမ်းထုတ်တယ်ဆိုတာ မဟုတ်လို့ပဲဖြစ်ပါတယ်။

ထိုင်းအစိုးရက သူတို့ကို ဖမ်းဝရမ်းထုတ်ထားတာ ဟုတ်မှန်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက သတင်းရေးသားကြမှာ ဖြစ်သလို ကရင်အသိုင်းအဝိုင်းတွေကြားမှာလည်း ပြောဆိုမှုတွေဟာ ကျယ်ကျယ်လောင် လောင် ထွက်ပေါ်လာ မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိ အချိန်အထိ ဘယ်သတင်းဌာနကမှ ရေးသားထား တာကို မတွေ့ရပါဘူး။

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ထုတ်လွှင့်လေ့ရှိတဲ့ Thai PBS https://bit.ly/3TPUyPZhttps://bit.ly/3TLCFlc နဲ့ တခြား ထိုင်းသတင်းဌာနတွေမှာလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းရေးသားထားတာကို မတွေ့ရပါဘူး။ ကရင်ပြည်နယ် အခြေစိုက် ကရင်သတင်း ဌာနဖြစ်တဲ့ KIC မှာလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းရေးသားထားတာ မရှိဘူးဆိုတာကို ဒီမှာ https://bit.ly/3WdAHvR ဝင်ကြည့်လို့ ရပါတယ်။

ကရင်တော်လှန်ရေး ခေါင်းဆောင်တွေကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်တယ်၊ သေသွားတယ်၊ အမျိုးသမီးတွေ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်၊ အမျိုးသမီးတွေကို ရောင်းစားတယ် အစရှိတဲ့ သတင်းတွေကို စစ်တပ် အာဏာသိမ်းခင်ကရော အာဏာသိမ်းပြီးတဲ့ နောက်မှာရော သတင်းအမှား ဖြန့်ဝေနေသူတွေက Facebook အပြင် တခြား လူမှုကွန်ရက်တွေကို အသုံးပြုပြီး အမြဲလိုလို ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါမှာ စစ်မာန်ဇော်ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဖြစ် ပွားမှု မရှိတဲ့ အကြောင်း အရာတစ်ခုကို ဖြစ်ပွားခဲ့သယောင် လိမ်ညာဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ချက်ရှိ ရေး သားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...