သတင်းပေးဆိုသူ မူလတန်းကျောင်းအုပ် သေနတ်ဖြင့် ပစ်ခံရ

သတင်းပေးဆိုသူ မူလတန်းကျောင်းအုပ် သေနတ်ဖြင့် ပစ်ခံရ

ထားဝယ်ခရိုင်အတွင်းမှ ကျေးရွာတစ်ရွာတွင် သတင်းပေးဟု ဆိုသူ မူလတန်း ကျောင်း အုပ်ကျောင်းဆရာ ဦးနောင်စိုး ဆိုသူနှင့် ဦးစိုးထိုက်အောင် တို့ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးတစ်ဦးသေဆုံး သွားသည်ဟု ရွာသားများက ပြောသည်။

သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းအသက် ၄၀ နှစ် အရွယ် ကျောင်းအုပ်ဆရာ ဦးနောင်စိုး နှင့်အသက် ၃၅ နှစ်အရွယ် ဦးစိုးထိုက်တို့ နှစ်ဦးကို နေအိမ်များတွင် ရှိနေချိန် သေနတ်ဖြင့်ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

“သေနတ်သံက သုံးလေးချက် တခါကြားရတယ်။ သိပ်မကြာဘူး မိနစ်ပိုင်းပဲခြားမယ်။ လေးငါးချက်ထပ်ကြားတယ်။ မသဲမကွဲ စကားအော်ပြောနေသံတွေလည်း ကြားရတယ်။ ရွာသားတွေ ထိတ်လန့်နေတာပေါ့။မနက် လင်း မှ ကျောင်းဆရာတို့ ပစ်သတ်ခံရမှန်း သိရတယ်” ဟု အသက် ၅၀ ခန့်အရွယ်ရွာသားတစ်ဦးက ပြော သည်။

ကျောင်းအုပ်ဆရာ ဦးနောင်စိုး၏ နေအိမ်ကို ကြာသပတေးနေ့ ည ၁၀ နာရီအချိန်ခန့်က လူ ၅ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် ကျည်ထိမှန်ပြီးနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

သေဆုံးသူ ဦးနောင်စိုးမှာ ကနက်သီရိကျေးရွာသားဖြစ်ပြီး ဇနီးသည်၏ဇာတိ အောက်သရက်ချောင်းကျေးရွာတွင် အခြေချနေထိုင်ကာ ပဲဝကျေးရွာ မူလတန်းကျောင်းအုပ်ဆရာ လုပ်ကိုင်နေသူ ဖြစ်သည်ဟု ရွာသားများက ပြော သည်။

ထို့အပြင် ၎င်းသည် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူသွားလာတတ်ကာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများကို သတင်းပေးနေသူဟု နာမည်ကျောဇောနေသူ တစ်ဦးလည်း ဖြစ် သည်ဟု ဆိုသည်။

အလားတူ ပန်းရံလုပ်ကိုင်နေသူ ဦးစိုးထိုက်၏ နေအိမ်ကိုလည်း ထိုနေ့ညပိုင်းက အဆိုပါ လူ ၅ ဦးခန့်ဟု ယူဆရ သူများက ဆက်လက် သွားရောက်ခဲ့ပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ကျည်ထိဒဏ်ရာ ၄ ချက်ရရှိကာ လက်ရှိတွင် သရက်ချောင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

ကျောင်းဆရာကို ပစ်ခတ်သည့် အဖွဲ့သည် ပျူစောထီးခေါင်းဆောင် ဦးဝဲဇီ၏ နေအိမ်ကိုလည်း သွားရောက်ခဲ့ ကြပြီး အဆိုပါ ပျူစောထီးခေါင်းဆောင်မှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည် ဟု ရွာသားများက ဆိုသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...