ရခိုင်ရှိရေယာဥ်လိုင်းများအားလုံး (တောင်ကုတ်လိုင်းမှအပ) စစ်ကောင်စီထပ်ပိတ်

ရခိုင်ရှိရေယာဥ်လိုင်းများအားလုံး (တောင်ကုတ်လိုင်းမှအပ) စစ်ကောင်စီထပ်ပိတ်

ရခိုင်ပြည်အတွင်း စစ်တွေကနေ မြို့နယ်အသီးသီးသို့ပြေးဆွဲနေသော ရေယာဉ်လိုင်းများ အားလုံးကို (တောင်ကုတ်လိုင်းမှ အပ)ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ထပ်ပိတ်လိုက်သည်ဟု သတင်းရရှိသည်။

"ရေယာဥ်လိုင်းတွေကို မနေ့ကပိတ်တယ်။ စစ်တပ်ကမသွားရဘူးဆိုလို့ ပိတ်ထားရတာပါ။ ပြန်ဖွင့် မယ့်ရက်က မှန်းခြေမရှိဘူး။ စစ်တပ်ကမသွားရဘူးဆိုလို့ ရေတပ်ဗိုလ်မှူးက သူကိုယ်တိုင်လာပြီး တစ်ခါတည်းပိတ်ခိုင်းတာ။အထက်ကအမိန့်အတိုင်း လုပ်ရတာလို့ပြောတယ်" ဟု ရွှေပြည်တန် အမြန်ယာဥ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မည်သည့်အတွက်ကြောင့် ယခုလို ရေလမ်းကို အဓိကအားကိုးနေကြရသည့် ရခိုင်ပြည်တွင် ရေယာဉ်လိုင်းများကို စစ်ကောင်စီက ပိတ်သည်ကို သေချာရှင်းလင်းပြောကြားခြင်းလည်း မရှိဟု သိရသည်။

လူသွားလူလာများသည် စစ်တွေ - ပေါက်တောရေယာဥ်လိုင်းခရီးစဥ်  တစ်ရက် ၂ ကြိမ်နှုန်း ပြေးဆွဲမှုကိုလည်း ယမန်နေ့စပြီး  ရပ်ဆိုင်းလိုက်ရပြီဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေနှင့်တောင်ကုတ်လိုင်းတစ်ခုတည်းသာပြေးဆွဲခွင့်ရပြီး ကျန်ခရီးစဉ်များကို ရပ်ဆိုင်းထားရသဖြင့် ခရီးသည်များအတွက် သွားရေးလာရေး အထူးအခက်အခဲ ဖြစ်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

"ရေယာဥ်လိုင်းအားလုံးကိုပိတ်ထားတယ်။ အခု တောင်ကုတ်လိုင်းတစ်ခုပဲ မပိတ်ပဲကျန်တယ်။ သွားလာမှုတွေ ပြည်သူလူထုတွေအတွက် အခက်အခဲဖြစ်တယ်။ ကျနော်တို့ ရေလမ်းကို အားကိုးတဲ့ ဒေသမှာ ရေယာဉ်လိုင်းတွေကို ပိတ်တာကတော့ လုံး၀ မဖြစ်သင့်တဲ့ ကိစ္စပါ" ဟု ပြောသည်။

ရွှေပြည်တန်အမြန်ရေယာဥ်လိုင်းသည် ယခင်ကစစ်တွေ - ကျောက်ဖြူ - ရမ်းဗြဲ -ကျောက်နီမော် - တောင်ကုတ် - မာန်အောင်၊ စစ်တွေ- ပေါက်တော-မင်းပြား-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် စသည့် လိုင်းများကို ပြေးဆွဲခဲ့သည်။

စစ်တွေနှင့်ပုဏ္ဏားကျွန်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် ရွှေပြည်တန်အမြန်ရေယာဥ်၏ ခရီးစဥ်အချို့ကို စစ်ကောင်စီတပ်က ပြေးဆွဲခွင့်စတင်ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ရခိုင်တွင် စစ်ရေးတင်းမာနေ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော် (ULA/AA) က ယာဉ်ပိုင်ရှင်များကို သွားရေးလာရေး သတိထားကြရန် ပြီးခဲ့သည့်လက သတိပေးချက် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ရခိုင်မြောက်ပိုင်း ရေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းပြီး ရက်အကန့်အသတ်မရှိ ပြေးဆွဲခွင့်တားမြစ်ထားသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...