ပလ ထွေအုပ်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦးသေ

ပလ ထွေအုပ်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦးသေ

မြိတ်ခရိုင် ပလမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး လုံခြုံရေးယူထားသည့် စစ်သား ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုလောမြို့နယ်ခွဲ ပလမြို့ အပါအဝင် မြို့အတော်များများတွင် စစ်ဆေးတင်းကြပ်မှုများရှိနေသည့်ကြားမှ ၎င်းရုံးအတွင်း လုံခြုံရေး တာဝန်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဂျိမ်း ဂျိမ်း ဆိုပြီးပေါက်ကွဲသံ အသံကျယ်ကြီး နှစ်ချက်ကြားလိုက်ရတယ်။ ပစ်ခတ်တဲ့အသံတွေတော့ မကြားရ ဘူး။ ရွာသားတွေ သွားကြည့်ဖို့ နေနေသာသာ အပြင်တောင်မထွက်ရဲဘူး” ဟု ပလမြို့ခံ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦး က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပလမြို့ ထွေအုပ်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး လုံခြုံ ရေး ချထားသည့် စစ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် ပုလောမြို့ အခြေစိုက် ၂၈၅ တပ်ရင်းမှ စစ်သားအချို့ ရောက် ရှိလာပြီး ထွေအုပ်ရုံး အနီးဝန်းကျင်က နေအိမ်များနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ် ခဲ့ပြီး ညဘက်တွင် ရပ်ကွက်အချို့ထဲ ဧည့်စာရင်း စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် တောကြီးမြွေဟောက်တပ်အဖွဲ့ King Cobra မှ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုနေ့ညပိုင်းတွင် သတင်း ထုတ်ပြန်ထား သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ စာရင်းကိုမူ အတိအကျ မသိရ သေးသဖြင့် စုံစမ်းနေဆဲဖြစ်သည်ဟု တောကြီးမြွေဟောက်တပ်အဖွဲ့ King Cobra က ဆိုသည်။

ထို့အပြင် သွားရောက်တိုက်ခိုက်ခဲ့သူ Cobra အဖွဲ့ဝင်များမှာမူ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ဘေးကင်းစွာ ပြန်လည် ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။

ပလမြို့နှင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများအား စစ်ကောင်စီတပ် အပါအဝင် ၎င်းတို့၏ ထောက်တိုင် များနှင့် နီးကပ်စွာ နေထိုင်သွားလာခြင်းများ မပြုကြရန်လည်း တောကြီးမြွေဟောက်အဖွဲ့မှ ထုတ်ပြန်ချက်တွင် သတိပေး နှိုးဆော်ထားသည်။

တောကြီးမြွေဟောက် King Cobra တပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ပုလောမြို့နယ် ခမောင်းတောကျေးရွာရှိ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့သေးသည်ဟု အဖွဲ့က ထုတ်ပြန်သည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...