အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုကို မြန်မာစစ်တပ်မှ ရေကြောင်းသွားလာခွင့်ပိတ်ထား

အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုကို မြန်မာစစ်တပ်မှ ရေကြောင်းသွားလာခွင့်ပိတ်ထား
ပုံစာ - အမ်းမြို့နယ်အတွင်းရှိ ရေလမ်းတစ်နေရာအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
ပုံစာ - အမ်းမြို့နယ်အတွင်းရှိ ရေလမ်းတစ်နေရာအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။

(ရေလမ်းကြောင်းအား မည်သည့်အချိန်ထိ ပိတ်ထားမည်ကို မသိရသေးသဖြင့် ကျေးရွာပေါင်း ၄၈ ရွာမှ ဒေသခံများမှာ နောက်ဆက်တွဲပြဿနာများအတွက် စိုးရိမ်လျက်ရှိကြသည်)

ရခိုင်ပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၈) ရွာကို မြန်မာစစ်တပ်မှ ရေကြောင်းသွားလာခွင့်နှင့် ရေကြောင်းမှ ရိက္ခာသယ်ယူခွင့်ကို အောက်တိုဘာလ (၁၃) ရက်နေ့မှစ၍ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ထိုကျေးရွာပေါင်း (၄၈) ရွာမှ ဒေသခံများမှာ သစ်ခုတ်၊ ဝါးခုတ်၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရောင်းချရာတွင် ရေကြောင်းကို အဓိကအမှီပြုနေကြခြင်းဖြစ်သည်။ ယခုအခါ မြန်မာစစ်တပ်မှ ရေကြောင်းမှ လုံးဝမသွားလာရန် တားမြစ်လာသဖြင့် အခက်တွေ့ရသည်ဟု ဒါးလက်မြောက်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“ရေကြောင်းက ဘယ်လိုမှ မသွားရတော့ဘူးဆိုပြီးတော့ မြန်မာစစ်တပ်ကလာပြီး ပြောသွားတယ်။ ကျနော်တို့ ဒါးလက်မြောက်ရွာအပါအဝင် ကျန်တဲ့ကျေးရွာသူ၊ ကျေးရွာသားတွေ အကုန်လုံးက ရေကြောင်းကို အဓိကထားလုပ်ကိုင်ကြရတာ။ အခုရေကြောင်းကိုပိတ်လိုက်တော့ ဘာမှလုပ်ကိုင်စားသောက်စရာ မရှိဘူး ဖြစ်သွားတယ်”ဟု ၎င်းကျေးရွာသားက DMG သို့ပြောသည်။

ဒါးလက်ချောင်းဒေသခံများမှာ ကုန်ပစ္စည်းများ ဝယ်ယူရောင်းချရာတွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အဓိက အားထားနေရခြင်းဖြစ်သည်။ သို့ရာတွင် ယခုလမ်းပိတ်ထားသောကြောင့် အခက်အခဲဖြစ်နေရသည်ဟု ဒါးလက်ချောင်းအုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကုန်းလမ်းကြောင်း ဖွင့်ပေးထားပေမဲ့ အဆင်မပြေဆိုတာက ရေကြောင်းက ငွေ ၈၀၀၀ လောက်သာပေးပြီး သယ်ယူလို့ရတဲ့ ရောင်းကုန်ပစ္စည်းကို ကုန်းလမ်းကြောင်းက ငွေ ၁၈၀၀၀ လောက်ပေးရတယ်။ လိုင်းကားမရဘဲ ကိုယ်ပိုင်ကားငှားသွားရမယ်ဆိုရင် တစ်သိန်းအထက်ပေးရတော့ ကျမတို့ စျေးသည်တွေမှာ အမြတ်မကျန်ဘဲ အရှုံးပဲရှိတယ်။ အဆင်မပြေဘူး”ဟု ၎င်းကဆိုသည်။

ယင်းအပြင် သစ်ဝါးခုတ်သူများနှင့် ငါးရှာ၊ဖားရှာ လုပ်ကိုင်သူများမှာလည်း ချောင်းအတွင်း သွားရောက်ရှာဖွေခြင်း မလုပ်ဆောင်ရသည့်အတွက် အခက်အခဲများစွာဖြစ်လာနိုင်ကြောင်း အလယ်ကျွန်းကျေးရွာမှ ဝါးခုတ်၍ ရောင်းချနေသည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ရေလမ်းကိုပိတ်လိုက်တော့ ရေမှာရှာစားနေသူတွေ ဘာသွားပြီးလုပ်စားရမှာလဲ။ ကျနော်တို့ ဝါးခုတ်ရောင်းတဲ့သူတွေ ဆိုတာကလည်း ရေကိုအမှီပြုပြီး လုပ်ကြရတာ။ ဝါးခုတ်တဲ့နေရာ အတော်များများက ရေနဲ့နီးတယ်။ ရေထဲကိုမျှောပြီးသယ်လာရင် ဘာငွေမှမကုန်ဘူး။ အခု ဝါးကိုရေကမမျှောဘဲ ကုန်းလမ်းကသယ်မယ်ဆိုရင် ကားလမ်းပေါက်မဲ့နေရာထိသယ်ရမယ်။ အဲဒီအတွက် ငွေကြေးက တော်တော်ကုန်မယ်”ဟု ၎င်းကဆိုသည်။

ရေလမ်းကြောင်းကို မည်သည့်အချိန်ထိ ပိတ်ထားမည်ကို မသိရှိသေးသည့်အတွက် ကုန်ပစ္စည်းနှင့် ဆန်၊ ဆီ၊ ဆားအပါအဝင် လူသုံးကုန်များ စျေးမြင့်တက်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေရကြသည်။

ဒါးလက်ချောင်းအုပ်စုတွင် နေထိုင်သည့် ပြည်သူများအား ရိက္ခာသယ်ယူခွင့်နှင့် ရေကြောင်းသွားလာခွင့်ကို မြန်မာစစ်တပ်ဖက်မှ ဇန်နဝါရီလအတွင်းမှစတင်ကာ လေးလကျော်ကြာပိတ်ပင်တားမြစ်ခဲ့ပြီး မေလအတွင်းမှသာ အကန့်အသတ်ဖြင့် ရိက္ခာသယ်ယူခွင့်ပြုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်အား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

ဒါးလက်ကျေးရွာအုပ်စုတွင် ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်း၊ အလယ်ကျွန်းရွာ၊ ဒါးလက်အနောက်ရွာ၊ ဒါးလက်ရှမ်းကုန်းရွာ၊ ဒါးလက်မြောက်ရွာ၊ ဒါးလက်တောင်ရွာ စသည့်ကျေးရွာပေါင်း (၄၈) ရွာရှိသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...