ရခိုင်လူထုအကြား စိတ်ဝမ်းကွဲပြားမှုများနှင့် မလိုအပ်သော နောက်ဆက်တွဲဒဏ်ချက်များ မဖြစ်စေရေးအတွက် ဦးကျော်လွင်ကို ပြန်လွှတ်ပေးရန် AFP ပါတီတောင်းဆို

ရခိုင်လူထုအကြား စိတ်ဝမ်းကွဲပြားမှုများနှင့် မလိုအပ်သော နောက်ဆက်တွဲဒဏ်ချက်များ မဖြစ်စေရေးအတွက် ဦးကျော်လွင်ကို ပြန်လွှတ်ပေးရန် AFP ပါတီတောင်းဆို

“ဦးကျော်လွင်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားခြင်းမဟုတ်ကြောင်းနှင့် ဖမ်းဆီးထားသည့် အဖွဲ့အစည်းအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်”

ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ဦးကျော်လွင်ကို ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးရန် ၎င်းပါတီက ယနေ့ (အောက်တိုဘာလ ၁၄ ရက်) တွင် တောင်းဆိုလိုက်သည်။

“ရခိုင်လူထုအကြား စိတ်ဝမ်းကွဲပြားမှုများနှင့် အခြားမလိုအပ်သော နောက်ဆက်တွဲ ဒဏ်ချက်များ မဖြစ်စေကြောင်းအား မျှော်လင့်ထောက်ထားလျက် ဦးကျော်လွင်အား လွှတ်ပေးမည့်အကြောင်း ရခိုင့်ဦးဆောင်ပါတီက တောင်းဆိုအပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ အကြံပေးပုဂ္ဂိုလ် ဦးကျော်လွင်နှင့်အတူ ဗဟိုကော်မတီဝင် ဦးမောင်ကောင်းတို့ နှစ်ဦးမှာ ပြီးခဲ့သည့်အောက်တိုဘာ ၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာအနီးရှိ ဥယျာဉ်ခြံ၌ရှိနေစဉ် ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် အောက်တိုဘာလ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဦးမောင်ကောင်းကို ပြန်လွှတ်ပေးခဲ့သည်။

ပြန်လွတ်လာသည့် ဦးမောင်ကောင်းက “ဦးကျော်လွင်ကို ဘယ်မှာထိန်းသိမ်းထားလည်းဆိုတာ ကျနော်လဲ မသိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ကိုခေါ်သွားတဲ့အခါ မျက်နှာဖုံးအုပ်ပြီးတော့ ခေါ်သွားတာဆိုတော့ တစ်ခုမှမမြင်ရဘူး။ ဘယ်သူ၊ဘယ်ဝါဆိုတာလည်း မသိဘူး။ ကျနော့်ကို ပို့လာတဲ့အချိန်မှာလည်း ကားထက်မှာ ကျနော်သတိလစ်သွားတဲ့အတွက် အိမ်ပြန်ရောက်တဲ့အချိန်မှာလည်း သတိမရသေးဘူး”ဟု ပြောသည်။

ဦးကျော်လွင်ကို ဖမ်းဆီးထားသည့် အဖွဲ့အစည်းအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကပြောသည်။

“ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဖမ်းထားတယ်ဆိုရင် လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးမှာ ရန်သူကိုတောင် မိတ်ဆွေသဖွယ် မေတ္တာထားရတယ်။ အဲဒါကြောင့် ဦးကျော်လွင်ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။ ကျနော်တို့ SAC (စစ်ကောင်စီ) ဖက်ကို မေးကြည့်ပြီးပြီ။ သူတို့ဆီမှာမရှိဘူး၊ သူ့ကို ဖမ်းလည်းမဖမ်းဘူးလို့ သိရတယ်”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသည့် ဦးကျော်လွင်ကို ULA/AA နယ်မြေစခန်းတစ်ခုတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရသော်လည်း တစ်စုံတစ်ရာ အဆက်အသွယ်မရသေးကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ စုံစမ်းရသလောက်ကတော့ သူ့ကို ULA/AA နယ်မြေစခန်းတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့သိရတယ်။ ဘယ်စခန်းမှာ ဖမ်းထားတယ်ဆိုတာကိုတော့ အတိအကျမသိရဘူး”ဟု ဦးကျော်လွင်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

ဦးကျော်လွင် ဖမ်းဆီးခံရသည်မှာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ကာ ၎င်းတွင် အသက်ရှုကျပ်သည့် ရောဂါရှိသဖြင့် စိုးရိမ်ကြောင်းလည်း မိသားစုကပြောသည်။

ထိုသို့ ဦးကျော်လွင် ဖမ်းဆီးခံရမှုဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကဆိုသည်။

“ဦးကျော်လွင်ကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်လည်း အတိအကျမသိသေးဘူး။ စုံစမ်းမှုတွေ လုပ်နေတယ်။ ဒီကာလမှာက အခြေအနေတွေက အမျိုးမျိုးရှုပ်ထွေးနေတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်ယောက်က လုပ်ကြံတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် အမှန်တကယ် ဘယ်လိုဖြစ်လဲဆိုတာကို ကျနော်တို့လည်း အတိအကျမပြောနိုင်ဘူး။ ဆက်လက်ပြီးတော့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်”ဟု ၎င်းက ပြောသည်။

ဦးကျော်လွင်မှာ ၂ဝ၁၅ မှ ၂ဝ၂ဝ အထိ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) သို့ ပြောင်းသွားခဲ့ခြင်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...