မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ နေအိမ်အချို့ မီးရှို့ခံရ

မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ နေအိမ်အချို့ မီးရှို့ခံရ
မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ မီးရှို့ခံခဲ့ရသည့်နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။
မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ မီးရှို့ခံခဲ့ရသည့်နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာတွင် ယနေ့ (အောက်တိုဘာလ ၁၃ ရက်) ညနေ ၅ နာရီအချိန်တွင် နေအိမ်နှစ်လုံး မီးရှို့ခံရကြောင်း ဒေသခံရွာသားများက DMG သို့ပြောသည်။

ဖားဝပ်ချောင်းကျေးရွာသို့ ယနေ့ညနေပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ကျေးရွာသားများကို ရွာမှထွက်ခွာရန်ပြောဆိုသဖြင့် ရွာသားအချို့မှာ ဘုန်းတော်ကြီးကျောင်းသို့ ပြေးကြပြီး အချို့မှာလည်း လုံခြုံမည်ထင်မည့် နေရာများသို့ ထွက်ပြေးကြကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းဝင်လာပြီးနောက် တစ်နာရီခန့်အကြာတွင် ကျေးရွာအတွင်းမှ နေအိမ်နှစ်ဆောင် မီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း ဖားဝပ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

“ဒီနေ့ သူတို့ (စစ်သား) တွေဝင်လာပြီးတော့ ရွာသားတွေကို ရွာထဲကနေထွက်သွားဖို့ပြောတယ်။ နောက်ပြီးတော့ ရွာသားတွေက ဘုန်းကြီးကျောင်းမှာစုနေကြသည်။ ရွာထဲက အိမ်နှစ်ဆောင်ကို မီးတိုက်ခဲ့တာရှိတယ်။ အခုရွာထဲမှ လူ ၄၀ ကျော်လောက်ပိတ်မိကျန်ခဲ့တယ်။ ကျန်တဲ့ရွာသားတွေက မောင်တောမြို့ပေါ်ကို အကုန်လုံး ထွက်ပြေးနေရတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ကြောင်းသည် လက်ရှိတွင် ဖားဝပ်ချောင်းကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် နေရာယူထားကြသည်ဟု ဖားဝပ်ချောင်းကျေးရွာအတွင်း ပိတ်မိနေသူတစ်ဦးက ပြောသည်။

“အခုသူတို့က ရွာကဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေရာယူထားတယ်။ ကျနော်တို့ တစ်ခုမှ သွားလို့မရတော့ဘူး။ ရွာမှာ ပိတ်မိနေတယ်။ ရွာမှာကလေးတွေနဲ့ မိန်းမတချို့ပဲ ကျန်ခဲ့တယ်။ ရွာအဝင် လမ်းတွေရော၊ အထွက်လမ်းတွေကိုပါ ပိတ်ထားပါ။ ဘယ်ကိုသွားလို့ သွားရမှန်းတောင် မသိတော့ဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ ဖားဝပ်ချောင်းကျေးရွာသားများ၏ ပြောဆိုချက်နှင့်ဆန့်ကျင်ကာ အဆိုပါနေအိမ်များကို ရက္ခိုင့်တပ်တော် (AA)မှ မီးရှို့ခြင်းဟု စစ်ကောင်စီက စွပ်စွဲသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ၏ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်သည့် “ရခိုင်နေ့စဉ်”က “ဒီနေ့ ဖားဝပ်ချောင်းရွာမှာ AA က ရွာထဲကနေ စစ်တပ်ကိုတိုက်တယ်။ အဓိကပြောရရင် ရွာကိုအကာအကွယ်ယူပြီး တိုက်တာ။ နောက်ဆုံးမနိုင်တဲ့အဆုံး ရွာကို စစ်တပ်ကမီးရှို့ပါတယ်ဆိုပြီး AA က မီးရှို့သွားတယ်။ စစ်တပ်ကလည်း ခံရပါများတော့ video ၊ ဓာတ်ပုံမှတ်တမ်းတွေကအစ အကုန်ယူထားတယ်”ဟု ဖော်ပြသည်။

ဖားဝပ်ချောင်းကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ၏ တပ်မ (၇၇) တပ်သားများသည် ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်နှစ်ဆောင်ကို မီးရှို့ခဲ့ကာ ကျေးရွာသားများကိုလည်း စစ်ဆေးမှုများရှိကြောင်း ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“ဒီနေ့တော့ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းဖက်မှာ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါပေမယ့် မြန်မာစစ်တပ် တပ်မ (၇၇) က တပ်သားတွေ ၁၀၀ နီးပါးက ဖားဝပ်ချောင်းကိုဝင်ပြီးတော့ စစ်ဆေးနေတာတွေ၊ နောက်ပြီးတော့ ဒီနေ့ညနေပိုင်းမှာ အိမ်နှစ်ဆောင် မီးတိုက်တာရှိတယ်။ နောက်ထပ်လည်း  ရွာသားတွေကို စစ်ဆေးတာတွေရှိတယ်”ဟု ဦးခိုင်သုခကပြောသည်။

ဖားဝပ်ချောင်းကျေးရွာတွင် အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ  ၃၀၀ ကျော် နေထိုင်ကြသော်လည်း မောင်တောဒေသတွင် တိုက်ပွဲများဖြစ်ပွားလာမှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုတို့ကြောင့် အဆိုပါကျေးရွာမှ ရွာသားအချို့မှာ ယခင်ကတည်းက မောင်တောမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေသူများရှိကြောင်း သိရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...