Published
Wednesday, August 30, 2017
မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်စီ ချမှတ်ခံရ
ရက္ခိုင့်တပ်မတော် (AA)၏ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆို၍ ဘောလုံးပွဲကျင်းပခဲ့သည့် မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်သည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေ ကိုဦးထွန်းလှက နိရဥ္စရာသို့ ပြောသည်။
“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က မြောက်ဦးမြို့နယ်တရားရုံးကနေ အမိန့် ချလိုက်တာဖြစ်ပါတယ်”ဟု ရှေ့နေ ကိုဦးထွန်းလှက ဆိုသည်။
မြတန်ဆောင်းဆရာတော်နှင့်အတူ ပူးပေါင်းကျင်းပခဲ့သည့် ခိုင်နီမင်းကို ထောင်ဒဏ် ၂ နှစ်အပြင် မြောက်ဦးမြို့နယ်ရဲစခန်းတွင် ပြဿနာတစ်ခုဖြစ်ပွားခဲ့မှုကြောင့် ထောင်ဒဏ် ၆ လကို တပါတည်း ကျခံရမည်ဟုလည်း ရှေ့နေက ပြောသည်။
မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းထိုင်ဆရာတော်နှင့် ခိုင်နီမင်းတို့သည် ယခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင်ကျရောက်သော ရက္ခိုင့်တပ်မတော် (AA) (၈)နှစ်မြောက်နေ့ကိုဂုဏ်ပြုကြိုဆို၍ ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဧပြီလ ၁ဝ ရက်နေ့က ဘောလုံးပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
သူတို့အား တရားမဝင်အသင်းနှင့်ဆက်သွယ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။







