စစ်တပ်က ဖမ်းဆီးရန်လိုက်ရှာနေ၍ တလိုင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၀ ကျော် တိမ်းရှောင်နေရ

စစ်တပ်က ဖမ်းဆီးရန်လိုက်ရှာနေ၍ တလိုင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၀ ကျော် တိမ်းရှောင်နေရ
တလိုင်းတောင်ကျေးရွာ စာသင်ကျောင်းအားတွေ့ရစဉ်။
တလိုင်းတောင်ကျေးရွာ စာသင်ကျောင်းအားတွေ့ရစဉ်။

မြန်မာစစ်တပ်က ဖမ်းဆီးရန်လိုက်ရှာနေ၍ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသား ၃၀ ကျော်မှာ တိမ်းရှောင်နေရကြောင်း ဒေသခံများမှပြောဆိုကြသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် တလိုင်းတောင်ကျေးရွာအတွင်းသို့ မြန်မာစစ်တပ်က ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စံအပါအဝင် ရွာသား (၃၃) ဦးကို အမည်စာရင်းနှင့်တကွ ဖမ်းဆီးရန် ရှာဖွေခဲ့သည်ဟု လက်ရှိတိမ်းရှောင်နေရသည့် ရွာသားတစ်ဦးက DMG သို့ပြောသည်။

“အဲဒီနေ့က အင်အား (၃၀) ကျော် ပါလာတယ်။ ကျနော်တို့က စစ်ကြောင်းဝင်လာတယ်ဆိုတာကိုကြားလို့ အကုန်လုံးရှောင်နေကြတယ်။ ကျနော်တို့ နေအိမ်ကို ဝင်ရှာပြီးတော့ တံခါးတွေဖျက်ဆီးပစ်ခဲ့တယ်။ အိမ်က ဇနီးကို သေနတ်နဲ့တည်ပြီး ခြိမ်းခြောက်တာတွေလုပ်ခဲ့တယ်။ ခင်ဗျားအမျိုးသား ဘယ်မှာလည်း၊ မှန်မှန်ပြော၊ သတ်ပစ်မယ် ဘာညာဆိုပြီး အဲဒီစစ်ကြောင်းက ဗိုလ်ကြီးတစ်ယောက်က ခြိမ်းခြောက်ပြောခဲ့တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ကြောင်းမှာ တလိုင်းတောင်ကျေးရွာမှ ခရစ်ယာန်သိက္ခာတော်ရ ဆရာတစ်ဦးဖြစ်သည့် ဦးအောင်ဆန်းကို ဖမ်းဆီးရိုက်နှက်ပြီး ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ်မရသေးဟု ညီဖြစ်သူ ဦးအောင်ငြိမ်းက DMG သို့ ပြောသည်။

“သူတို့ (စစ်တပ်) က လာရှာတဲ့ (၃၃) ယောက်စာရင်းထဲမှာ ကျနော့်အစ်ကိုပါတယ်။ ကျနော့်အစ်ကို ကိုရှောင်ခိုင်းပေမဲ့ အသက်ကြီးသူ အမေတစ်ယောက်ရှိတော့ သူကမရှောင်ဘူး။ ငါဘာမှ အပြစ်မလုပ်တဲ့အတွက် မရှောင်ဘူးဆိုပြီး ကျန်ခဲ့တယ်။ အဲဒီအချိန် စစ်ကြောင်းကလာပြီး သူ့ကို ဖမ်းခေါ်သွားတယ်။ သတ်တာတွေလည်း လုပ်ခဲ့တယ်။ အခုလည်း ဘယ်ကိုခေါ်သွားတယ်ဆိုတာလည်း မသိရသေးဘူ”ဟု ဦးအောင်ငြိမ်းက ပြောသည်။

ဦးအောင်ငြိမ်းမှာလည်း မြန်မာစစ်တပ်က ဖမ်းဆီးရန် ရှာဖွေသူစာရင်းထဲတွင် ပါဝင်နေ၍ လက်ရှိတွင် တိမ်းရှောင်နေရသည်။

မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည့် ဦးအောင်ဆန်းမှာ ခရစ်ယာန်သိက္ခာတော်ရ ဆရာတစ်ဦးဖြစ်သည့်အပြင် ကျေးရွာအတွင်း ဆေးကုသပေးနေသည့် ဆေးဆရာတစ်ဦးလည်းဖြစ်သည်။ တလိုင်းတောင်ကျေးရွာသည် အိမ်ခြေ (၂၂၈) အိမ်ရှိသည်။

လက်ရှိတွင်လည်း တလိုင်းတောင်ကျေးရွာနှင့် (၇) မိုင်အကွာရှိ ညောင်ချောင်းကျေးရွာတွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်လျှက်ရှိနေ၍ တလိုင်းတောင်ကျေးရွာမှ တိမ်းရှောင်နေရသူများမှာ နေရပ်သို့ မပြန်ရဲကြသေးကြောင်း ပြောသည်။

“ကျနော်တို့ အခုလိုရှောင်နေရတော့ အလုပ်အကိုင်လည်း မဖြစ်ဘူး။ အခုလည်း ရွာနားမှာ စစ်ကြောင်းကရှိတော့ မဝင်ရဲဘူး၊ ဘာအကြောင်းအရင်းကြောင့် ရှာတယ်ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ သူတို့ဖမ်းဆီးတာကို မခံချင်လို့ ရှောင်နေရတယ်။ အခုလို အပြစ်မဲ့ပြည်သူတွေကို လိုက်ရှာနေတာဟာ ပြည်သူကို အကြောက်တရား ဖြစ်လာအောင် လုပ်နေတာဖြစ်တယ်လို့ မြင်မိတယ်”ဟု တိမ်းရှောင်နေရသည့် နောက်တစ်ဦးကပြောသည်။

တလိုင်းတောင်ကျေးရွာသားများကို ဖမ်းဆီးရန် ရှာဖွေနေသည့်ကိစ္စအား စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာနေသည်။

# R011

ပုံစာ - တလိုင်းတောင်ကျေးရွာ စာသင်ကျောင်းအားတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...