ရခိုင်စစ်ရေးနှင့်ပတ်သက်ပြီး မျှတစွာထုတ်ပြန်ရန် ANP ပါတီကို စစ်ကောင်စီလက်အောက်ခံ ရွေး/ကော်က ခေါ်ယူသတိပေး

ရခိုင်စစ်ရေးနှင့်ပတ်သက်ပြီး မျှတစွာထုတ်ပြန်ရန် ANP ပါတီကို စစ်ကောင်စီလက်အောက်ခံ ရွေး/ကော်က ခေါ်ယူသတိပေး
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ မဲဆွယ်စည်းရုံးခဲ့စဉ်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ မဲဆွယ်စည်းရုံးခဲ့စဉ်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုအကျိုးဆက်ကြောင့် အရပ်သားဒေသခံများ သေဆုံး၊ဒဏ်ရာရရှိမှုများအပါအဝင် စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ရာတွင် မျှမျှတတထုတ်ပြန်ရန် ရခိုင်အမျိုးသားပါတီ (ANP) ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ယနေ့တွင် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာလ ၁၂ ရက်)တွင် UEC တာဝန်ရှိသူများနှင့် ANP ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ နေပြည်တော်တွင် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ကြောင်း ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

“UEC က ပြောတာက နိုင်ငံရေးပါတီတစ်ခုအနေနဲ့ သဘောထားကြေညာချက်တွေကို ထုတ်ပြန်လို့ရတယ်။ ဒါပေမယ့် အဖြစ်မှန်တွေကို မျှမျှတတပေါ့။ ဥပမာ- သဘောတစ်ခုက စက်တင်ဘာလမတိုင်ခင် မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး AA က တိုက်ပွဲတွေဆင်နွှဲတဲ့အတွက် နယ်စပ်မှာ ပြည်သူလူထုတွေ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေရှိခဲ့တယ်။ သူတို့မှာ မှန်ကန်တဲ့သက်သေတွေရှိတယ်ပေါ့။ အဲဒါကြောင့် သတင်းထုတ်ပြန်တယ်ဆိုတဲ့နေရာမှာ တစ်ဖက်သတ်မဟုတ်ဘဲနဲ့ မျှမျှတတထုတ်ပြန်ဖို့ လိုတယ်ဆိုတာကိုပဲ အဓိက တွေ့ဆုံဆွေးနွေးတာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်းမပြုကြရန် လက်နက်ကိုင်အဖွဲ့အစည်းများအား အလေးအနက် မေတ္တာရပ်ခံခြင်း၊ မြန်မာစစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ သဘောထားထုတ်ပြန်ခဲ့သည်။

ယင်းအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသည့် INGO/NGO များအား ပိတ်ပင်ထားမှုကိုလည်း ပြန်လည်ဖွင့်ပေးရန်၊ စစ်ပွဲဧရိယာနှင့် စစ်ပွဲနှင့်မပတ်သက်သည့် နေရာများအပါအဝင် မြို့နယ်တချို့တွင် ကုန်းလမ်း၊ ရေလမ်းများအား အကန့်အသတ်မရှိပိတ်ဆို့ထားမှုသည် အဆိုပါဒေသရှိ ဒေသခံပြည်သူလူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်းလည်း ANP ကဆိုသည်။

အဆိုပါသဘောထားထုတ်ပြန်ချက်ကို ပြည်သူများတင်ပြလာသည့် အချက်အလက်၊ သတင်းမီဒီယာများမှ အချက်အလက်များအပေါ် အခြေခံပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့တွေ့ဆုံရာတွင် UEC အား ပြန်လည်ဖြေရှင်းခဲ့သည်ဟု ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။

“မိမိတို့ရဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လိုအပ်လာမယ်ဆိုလို့ရှိရင် ပြည်သူလူထု သက်သာမှုရရှိဖို့အတွက် ကျနော်တို့မှာ ထုတ်ပြန်ရမယ့် တာဝန်ရှိတယ်။ အဲဒါကြောင့် မိမိတို့ရရှိတဲ့သတင်းအပေါ်မှာပဲ အခြေခံပြီးတော့ ကျနော်တို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ANP ပါတီအနေဖြင့် ဆက်လက်ပြီးလည်း အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူလူထုအတွက်လိုအပ်လျှင် လိုအပ်သလို သဘောထား ထုတ်ပြန်သွားမည်ဟု ယင်းပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

DMG မှ မှတ်တမ်းတင်ထားသည့်စာရင်းအရ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသည့် ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ ၂၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် စားနပ်ရိက္ခာများနှင့် တခြားလူသားချင်း စာနာထောက်ထားရေးအကူအညီများ ပေးအပ်နေသည့် INGO/NGO အဖွဲ့အစည်းများကို ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စသည့်မြို့နယ်များသို့ ခရီးသွားလာခွင့်ကို စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ စစ်ကောင်စီမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်ထားသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...