ဖမ်းဆီးခံ က၀ဒေသခံ ၅ ဦး သုံးလကျော်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရ

ဖမ်းဆီးခံ က၀ဒေသခံ ၅ ဦး သုံးလကျော်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရ

စစ်ကောင်စီတပ်က၏ ဖမ်းဆီးခြင်းကိုခံထားရသည့် ပဲခူးတိုင်း၊ က၀မြို့နယ်မှ ဒေသခံငါးဦးနှင့် မိသားစုဝင်များအဆက်အသွယ်မရရှိသည်မှာ သုံးလကျော်ကြာလာပြီဟု က၀ဒေသတွင်း သတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။

ရန်ကုန်တွင် ပြောင်းရွှေ့နေထိုင်နေသည့် က၀မြို့နယ်နှင့် သက္ကလမြို့နယ်တို့မှ ဒေသခံ ရှစ်ဦးတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ၎င်းတို့၏နေအိမ်များထိ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ ဘာကြောင့်ဖမ်းတယ်ဆိုတာ အခုထိ မသိသေးဘူး။ ဖမ်းသွားတဲ့ ရှစ်ယောက်မှာ သုံးယောက်က ရုံးထုတ်နေပြီ။ ငါးယောက်ကတော့ စဖမ်းကတည်းက ဘယ်ကိုခေါ်သွားမှန်းမသိသလို သူတို့ဘက်ကလည်း အကြောင်းမကြားဘူး ” ဟု မဇ္ဈိမ၏သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသူ ရှစ်ဦးအနက် သုံးဦးမှာ အမှုစတင်ရင်ဆိုင်နေကြောင်း ကြားသိထားသော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုထားသည်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ဆိုသည်။

သို့သော် ကျန်သူငါးဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ယနေ့အချိန်အထိ မသိရှိရသည့်အပြင် မိသားစုများနှင့်ပါ တွေ့ခွင့်မရသေးကြောင်း သိရသည်။

“ ဖမ်းထားတာ ရက် ၁၀၀ ရှိပါပြီ။ သေသလား၊ ရှင်သလားတောင် မသိရတာပါ။ မိသားစုတွေကတော့ အသက်အန္တရာယ်အတွက် စိတ်ပူနေကြတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာ မိသားစုက သိခွင့်ရသင့်တဲ့အပြင် လိုအပ်တဲ့ဆေးဝါးနဲ့ အသုံးအဆောင်တွေ ပေးခွင့်ပြုတာတွေကိုတော့ လုပ်ဆောင်ပေးဖို့ ဖြစ်စေချင်ပါတယ် ” ဟု က၀ဒေသတွင်း သတင်းရင်းမြစ်ကဆိုသည်။

မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသူများမှာ ကဝမြို့နယ်၊ ညောင်တပင်ကျေးရွာမှ ကိုခန့်မှူးဇော်၊ ဖလေးကျေးရွာမှ ကိုသက်စိုးဦး၊ အုန်းနှဲကျေးရွာမှ ကိုကျော်သက်ပိုင်၊ သက္ကလမြို့နယ်တွင်နေထိုင်သည့် ကိုနေလင်းထိုက်နှင့် ကိုမင်းခန့်ဇော် တို့ဖြစ်သည်။

ဖမ်းဆီးခံထားရသူများထဲတွင် လူငယ်အချို့လည်းပါဝင်နေပြီး တွေ့ခွင့်မရသည့်အပြင် သတင်းအစအန မသိရခြင်းကြောင့် အသက်အန္တရာယ်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေ ကြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ ၂၀၂၂ အောက်တိုဘာလ ၁၀ ရက်နေ့အတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၂,၆၀၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...