UEC က ဆင့်ခေါ်မှုကို ANP ပါတီ သွားရောက်တွေ့ဆုံမည်

UEC က ဆင့်ခေါ်မှုကို ANP ပါတီ သွားရောက်တွေ့ဆုံမည်
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ မဲဆွယ်စည်းရုံးခဲ့စဉ်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ မဲဆွယ်စည်းရုံးခဲ့စဉ်။

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ခြင်းအပါအဝင် ရခိုင်ပြည် စစ်ရေးအခြေအနေအား သဘောထားထုတ်ပြန်မှုနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ တွေ့ဆုံရန်ဆင့်ခေါ်ခြင်းကို ရခိုင်အမျိုးသားပါတီ(ANP)မှ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းပါတီ တာဝန်ရှိသူများထံမှ သိရသည်။

ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံရန် လာမည့်အောက်တိုဘာလ ၁၂ ရက်နေ့တွင် ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦး သွားရောက်မည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကပြောသည်။

“UEC က တွေ့ဆုံဖို့ ဖိတ်ကြားတဲ့အတွက် ကျနော်တို့ပါတီက သွားတွေ့မယ်လို့ ဆုံးဖြတ်ထားတယ်။ ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ နောက်ထပ် ပါတီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနဲ့ သွားရောက် တွေ့ဆုံသွားမယ်”ဟု ဦးသာထွန်းလှက DMG သို့ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်းမပြုကြရန် လက်နက်ကိုင်အဖွဲ့အစည်းများအား အလေးအနက်မေတ္တာရပ်ခံခြင်း၊ မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသည့် INGO/NGO များအား ပိတ်ပင်ထားမှုကိုလည်း ပြန်လည်ဖွင့်ပေးရန် တောင်းဆိုကြောင်း၊ စစ်ပွဲဧရိယာနှင့် စစ်ပွဲနှင့် မပတ်သက်သည့် နေရာများအပါအဝင် မြို့နယ်တစ်ချို့အား ကုန်းလမ်း၊ ရေလမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် အဆိုပါဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်းလည်း ANP ပါတီမှ ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ANP ပါတီမှ တာဝန်ရှိသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ လာရောက်တွေ့ဆုံရန် အောက်တိုဘာလ ၄ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ(ANP)၏ တွေ့ဆုံဆွေးနွေးမှု ရလာဒ်အပေါ် မူတည်ပြီး ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၇ ရက်နေ့တွင် သတင်းထောက်များကိုပြောဆိုသည်ဟု RFA သတင်းဌာနတွင် မကြားသေးမီကဖော်ပြထားသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ပြောဆိုဆွေးနွေးလာသည့် အခြေအနေပေါ်တွင် မူတည်ပြီး ပြန်လည်ဆွေးနွေးသွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကဆိုသည်။

“လောလောဆယ်တော့ UEC ဘက်က တွေ့ဆုံဆွေးနွေးဖို့ခေါ်တာဖြစ်တဲ့အတွက် UEC ဘက်က ဆွေးနွေးလာမယ့် ပုံစံအပေါ်မှာမူတည်ပြီး ကျနော်တို့ပါတီက ဆွေးနွေးသွားမှာဖြစ်တယ်။ တွေ့ဆုံဖို့အတွက် ချိန်းဆိုထားတာက အောက်တိုဘာလ ၁၂ ရက်နေ့ ဆယ်နာရီဖြစ်တယ်။ ဘယ်လောက်အတိုင်းအတာထိ ဆွေးနွေးမယ်ဆိုတာက အချိန်အတိအကျမပါဘူး”ဟု ၎င်းကပြောသည်။

DMG မှ မှတ်တမ်းတင်ထားသည့်စာရင်းအရ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသည့် ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ ၂၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် စားနပ်ရိက္ခာများနှင့် တခြားလူသားချင်း စာနာထောက်ထားရေး အကူအညီများပေးအပ်နေသည့် INGO/NGO အဖွဲ့အစည်းများအား ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်များသို့ ခရီးသွားလာခွင့်ကို စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ စစ်ကောင်စီမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်ထားသည်။

ပုံစာ - ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ မဲဆွယ်စည်းရုံးခဲ့စဉ်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...