မကွေးတိုင်း ငဖဲမြို့နယ်တွင် အရှိုချင်းအမျိုးသမီးနှစ်ဦး အသတ်ခံရ

မကွေးတိုင်း ငဖဲမြို့နယ်တွင် အရှိုချင်းအမျိုးသမီးနှစ်ဦး အသတ်ခံရ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာတွင် နေထိုင်ကြသော အရှိုချင်းအမျိုးသမီးနှစ်ဦးသည် ၃ ရက်ကြာပျောက်ဆုံးပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က အသတ်ခံထားရသော ရုပ်အလောင်းအား တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

အသတ်ခံရသူနှစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် မိုင်နှောင်ပါလှနှင့် အသက်၂၁ နှစ်အရွယ် မိုင်ရွှေဇင်ရဲ (ခေါ်) မခင်ဝင်းတို့ဖြစ်ကြပြီး အောက်တိုဘာလ ၆ ရက်နေ့က ဂုတ်ကြီးရွာမှ ဘုံးဘောကျေးရွာသို့ အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် သေဆုံးလျှက်ရှိနေသော ၎င်းတို့၏ ရုပ်အလောင်းကို မြေလတ်ရွာအပြင်တွင် တွေ့ရှိခဲ့ကြသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“၆ ရက်နေ့မှာ ပျောက်သွားတာ၊ ရွာတွေပေါင်းပြီးမှရှာကြလို့ ၉ ရက်နေ့ကျမှ ပြန်တွေ့တာ မြေလတ်ရွာဆိုတာရှိတယ် အဲဒီရွာရဲ့အပြင်မှာတွေ့တာ ဒဏ်ရာတွေရှိတယ်လို့ပြောတယ်၊ အခုကတော့ သူတို့ကို မီးသဂြိုလ်လိုက်ပြီ၊ ဘယ်လိုကြောင့် ပျောက်သွားတယ်ဆိုတာမသိရဘူး” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။

မိုင်ရွှေဇင်ရဲသည် ရပ်ရွာထဲတွင် ကလေးငယ်များအား စာသင်ပြပေးနေသော မူကြိုဆရာမတစ်ဦးဖြစ်ပြီး မိုင်နောင်ပါလှသည် (၇) တန်းကျောင်းသူ တစ်ဦးဖြစ်သည်ဟု သိရသည်။

ငဖဲမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးသော ဘုံးဘောကျေးရွာသည် အရှိုချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး ငဖဲမြို့နယ်တွင် အရှိုချင်းလူမျိုးများနေထိုင်သည့် ၁၀ ရွာကျော်ရှိသည်ဟု သိရသည်။

အလောင်းတွေ့ရှိသည့် မြေလတ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၈၈ တပ်စွဲလေ့ရှိပြီး ဂုတ်ကြီးရွာတွင်လည်း စစ်ကောင်စီ နယ်မြေရဲစခန်းတစ်ခုရှိသည့်အပြင် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုရှိပြီး ယခုသေဆုံးမှုနှင့်ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကိုမူ အတိအကျ မသိရသေးပေ။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...