မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာထဲသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၆ ဦးဒဏ်ရာရ

မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာထဲသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၆ ဦးဒဏ်ရာရ

မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာထဲသို့ ယနေ့(အောက်တိုဘာလ ၇ ရက်) နေ့လယ် ၁ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မွန်းလွဲ ၁၂ နာရီကတည်းက ကြပ်စင်တံတားအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ မင်းပြားမြို့၊ ကျိန်းတောင်နှင့် တောင်ပေါ်ဦးတောင်ထိပ်တို့တွင် တပ်စွဲထားသည့် မြန်မာစစ်တပ်က လက်နက်ကြီးပစ်ကူပေးရာတွင် ဖလောင်းပြင်ရွာထဲသို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးကပြောသည်။

“ကလေးတွေကတော့ ထွက်ပြေးတာမှာ ထိသွားတာ။ လူကြီးတွေကတော့ ဗုံးခိုကျင်းထဲဝင်ဖို့ မရလိုက်ဘူး။ ပထမတစ်လုံးမှာ ၂ ယောက်ထိတယ်။ နောက်ဆုံးပစ်တာမှာ ၄ ယောက် ထိသွားတာ။ လက်နက်ကြီး ပစ်တာကတော့ အလုံး ၄၀ လောက်ပစ်တယ်။ ရွာထဲကို ၂ လုံးကျတာမှာ လူတွေကိုထိသွားတာ”ဟု ၄င်းကဆိုသည်။

ဒဏ်ရာရရှိသွားသူများမှာ ဦးသောင်းမောင်(၅၇ နှစ်)၊ ကိုအောင်ဝင်း(၃၅ နှစ်)၊ မောင်ဝင်းဌေး(၂၀ နှစ်)၊ မောင်ခိုင်စိုး (၈ နှစ်)၊ မအေးငြိမ်းစံ (၁၆ နှစ်)နှင့် ကိုမောင်မောင်သိန်း (၃၈ နှစ်)တို့ဖြစ်ကြသည်။ ယင်းတို့အနက် မအေးငြိမ်းစံမှာ ခါးဆစ်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မောင်ခိုင်စိုးမှာ ပေါင်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် ၄င်းတို့ နှစ်ဦးကို ပေါက်တောဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသည်။ ကျန်ရှိသည့် ဒဏ်ရာရသူများမှာ ဒဏ်ရာမပြင်းထန်သဖြင့် နီးစပ်ရာကျေးရွာများရှိ ဆေးခန်းတွင် ဆေးကုသနေကြသည်။

ကျေးရွာသားများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် ဖလောင်းပြင်ကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

“ကြောက်တာကြောင့် ထွက်ပြေးသွားတဲ့ ဒေသခံတွေရှိတယ်။ လုံခြုံတဲ့နေရာမှာ နေကြတာတွေလည်းရှိတယ်။ ကြပ်စင်တံတားမှာ စစ်သားတွေရှိတာကြောင့် တံတားနဲ့နီးတဲ့ ဒေသခံတွေမှာလည်း နီးစပ်ရာရွာတွေကို ထွက်သွားပြီး တိမ်းရှောင်နေကြတာရှိတယ်။ အခုဆိုလည်း ထွက်ပြေးနေကြတဲ့သူတွေရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာသည့် သြဂုတ်လနှင် စက်တင်ဘာလအတွင်းတွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃ ဦးအထိ ရှိလာနေသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...