ပလက်ဝတွင် ကျောင်းဆရာတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို စစ်တပ်က ဖမ်းဆီးထား

ပလက်ဝတွင် ကျောင်းဆရာတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို စစ်တပ်က ဖမ်းဆီးထား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အလယ်တန်းပြ ကျောင်းဆရာတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို မြန်မာစစ်တပ်ကဖမ်းဆီးပြီး ပလက်ဝအခြေစိုက် (၂၈၉)တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက DMG သို့ ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ နှမဒါကျေးရွာမှ အလယ်တန်းပြကျောင်းဆရာ ဦးမောင်ဝင်းသန်းနှင့် ပလက်ဝမြို့ သင်္ဘောဆိပ်ရပ်ကွက်မှ ဦးကျော်ကျော်တို့ဖြစ်သည်။

ကျောင်းဆရာ ဦးမောင်ဝင်းသန်းမှာ အောက်တိုဘာလ(၆)ရက်နေ့က မွန်ထောင့်ကျေးရွာမှတစ်ဆင့် ပလက်ဝမြို့သို့သွားရာတွင် ပလက်ဝမြို့၊ လောင်းကတုံးတံတားအနီးတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ၎င်းကို မည့်သည့်ကိစ္စကြောင့် ဖမ်းဆီးသည်ကို တိတိကျကျမသိရသေးဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ဘာကြောင့် ဖမ်းသွားတာလဲတော့ မသိဘူး။ အရင်တလောက ကိုမောင်ဝင်းသန်းဟာ ရက္ခိုင့်တပ်တော်အတွက် ငွေကောက်ခံပေးတယ်ဆိုပြီး လူတစ်ချို့က လိုင်းပေါ်မှာ စွပ်စွဲပြီးတင်ခဲ့တာတွေရှိတယ်။ သူက အဲလိုလူလည်း မဟုတ်ပါဘူး။ သူက ကျောင်းဆရာတစ်ဦးပါ။ မနေ့က နံနက် ၉ နာရီလောက်က ဆိပ်ကမ်းတံတားနားကို ရောက်တော့ မျက်နှာဖုံးစွပ်ပြီး ခလရ ၂၈၉ တပ်ရင်းကိုခေါ်သွားတယ်”ဟု ၎င်းဒေသခံကပြောသည်။

ပလက်ဝမြို့မှ နောက်ထပ်ဒေသခံတစ်ဦးကလည်း ကျောင်းဆရာ ဦးမောင်ဝင်းသန်း ဖမ်းဆီးခံရကြောင်းကို အတည်ပြု ပြောဆိုသည်။

“သူက(ကျောင်းဆရာ) နှမဒါရွာသားပါ။ လောင်းကတုံး တံတားပေါ်မှာ ဖမ်းတယ်လို့ကြားတယ်။ ဖမ်းတာတော့ သေချာပါတယ်။ မွန်ထောင့်ရွာဘက်ကနေ ပလက်ဝကိုလာတော့ တံတားနားမှာ အဖမ်းခံရတာ”ဟု ပလက်ဝ ဒေသခံ နောက်တစ်ဦးကပြောသည်။

ဖမ်းဆီးခံထားရသူ နောက်တစ်ဦးဖြစ်သည့် ဦးကျော်ကျော်မှာလည်း မိသားစုစီးပွားရေး အဆင်မပြေသဖြင့်  ကျောက်‌တော်မြို့နယ်၊ ပီချောင်းဘက်မှ တောအရက်များကို တင်ပို့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ပီချောင်းဘက်က ချက်ထားတဲ့အရက်တွေ ခိုးတင်တာလို့ပြောတယ်။ လုပ်စားလို့ အဆင်မပြေတော့ ပီချောင်းဘက်က ယူရောင်းတာပေါ့။ သူက သင်္ဘာဆိပ်ကမ်းမှာ အဖမ်းခံရတာတဲ့”ဟု သူကပြောသည်။

အဆိုပါဒေသခံများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ချင်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်အား DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပလက်ဝဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံများမှာလည်း AA နှင့်ဆက်စပ်သည့်သံသယဖြင့် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကိုခံနေရသည်။

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများမှာလည်း သံသယဖြင့်ဖမ်းဆီးခံရမှု မြင့်တက်လာနေသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...