ရခိုင့်ဦးဆောင်ပါတီ၏ အကြံပေးပုဂ္ဂိုလ်နှင့် ဗဟိုကော်မတီဝင်တစ်ဦးတို့ ကျောက်ဖြူတွင် ပျောက်ဆုံးနေ

ရခိုင့်ဦးဆောင်ပါတီ၏ အကြံပေးပုဂ္ဂိုလ်နှင့် ဗဟိုကော်မတီဝင်တစ်ဦးတို့ ကျောက်ဖြူတွင် ပျောက်ဆုံးနေ

ရခိုင့်ဦးဆောင်ပါတီ(AFP)၏ အကြံပေးပုဂ္ဂိုလ် ဦးကျော်လွင်နှင့် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးမောင်ကောင်းတို့မှာ အောက်တိုဘာလ ၄ ရက်နေ့ ညတွင် ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက DMG သို့ ပြောသည်။

၎င်းတို့နှစ်ဦးမှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာအုပ်စု ကုန်ဘွေကျေးရွာရှိ ဥယျာဉ်ခြံသို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုကဆိုသည်။

ဦးကျော်လွင်၏ မိသားစုဝင်တစ်ဦးက “အဲဒီနေ့က ဦးမောင်ကောင်းက ညနေ ၈ နာရီလောက်မှာ အိမ်ကို ရောက်လာသေးတယ်။ ၁၀ နာရီကျော်လောက်မှာ ဖုန်းဆက်ကြည့်တော့ ဆက်လို့မရတော့ဘူး။ အဲဒီမှာ ကျနော်တို့လည်း သွားကြည့်တော့ သူတို့မရှိတော့ဘူး”ဟု ပြောသည်။

အဆိုပါ ဥယျာဉ်ခြံတွင် အပင်များစိုက်ပျိုးထားပြီး ဘဲများလည်း မွေးမြူထားကြောင်း ဦးကျော်လွင်မှာ ၎င်းခြံ၌ အမြဲတမ်းနေတတ်ကြောင်း မိသားစုထံမှ သိရသည်။

ဦးကျော်လွင်တို့ ပျောက်ဆုံးနေမှုမှာ မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရသည့်ကိစ္စကို လူမှုကွန်ယက်ပေါ်တွင် ဝေဖန်စာရေးသားခဲ့သည့်အတွက် အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးမှုကို ခံရခြင်းဖြစ်နိုင်ကြောင်း မိသားစုဝင်များက ယူဆကြသည်။

“ကျနော်တို့ထင်တာကတော့ မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ သူ့ Facebook အကောင့်မှာ စာရေးတင်တဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ထင်တာပဲ။ အဲဒီကိစ္စကလွဲပြီး သူ့မှာ တခြားကိစ္စတွေ မရှိဘူး”ဟု ဦးကျော်လွင်၏ မိသားစုဝင်တစ်ဦးကပြောသည်။

မောင်တောခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းမှာ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်မှ မောင်တောခရိုင်ပညာရေးမှူး ရုံးဝင်းအတွင်းရှိ နှစ်ထပ်ဆောင်၌ အောက်တိုဘာ ၂ ရက်နေ့က ည ၆ နာရီအချိန်တွင် ဓားထိုးခံရပြီး မောင်တောဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သည်။

ထိုသို့ အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး “ဘုန်းကြီး၊ ရဟန်းနဲ့ ပညာရေးဌာန၊ ကျန်းမာရေးဝန်ထမ်းတို့ကို ပစ်မှတ်ထား တိုက်ခတ်တာမျိုးကျတော့ ကျနော် မည်သည့်အခါမျှ မထောက်ခံ -- ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ပဋိပက္ခကြောင့်လား၊ ဖြစ်နိုင်ခြေတော့ နည်းတယ်။ ဗမာလူမျိုး ဆရာမကြီးမို့ပါ။ တစ်ခုတော့ ဆုတောင်းမိတယ်။ လူမျိုးရေးမုန်းတီးမှုကြောင့် သတ်တာမျိုးမဖြစ်စေနဲ့”ဟု ဦးကျော်လွင်၏ Facebook စာမျက်နှာတွင် အောက်တိုဘာလ ၂ ရက်နေ့က ရေးတင်ခဲ့သည်။

ဦးကျော်လွင်မှာ ရခိုင်ဦးဆောင်ပါတီ(AFP)၏ အကြံပေးတာဝန်ကိုယူထားပြီး ဦးမောင်ကောင်းမှာလည်း AFP ပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

ရခိုင်ဦးဆောင်ပါတီ(AFP) ဥက္ကဌ ဒေါက်တာအေးမောင်က “ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် သူ့ကို ဖမ်းထားတယ်ဆိုရင် လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးမှာ ရန်သူကိုတောင် မိတ်ဆွေသဖွယ် မေတ္တာထားရတယ်။ အဲဒါကြောင့် ဦးကျော်လွင်နဲ့အတူ ဦးမောင်ကောင်းကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်”ဟု ပြောသည်။

ဦးကျော်လွင်မှာ ၂ဝ၁၅ မှ ၂ဝ၂ဝ အထိ ရခိုင်အမျိုးသားပါတီ(ANP) ကိုယ်စားပြု ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည်။ ယင်းနောက်တွင် ANP ပါတီမှထွက်ကာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)တွင် ဒုတိယဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သည်။

လက်ရှိတွင် ဦးကျော်လွင်(၅၆)နှင့် ဦးမောင်ကောင်း(၇၀)နှစ်တို့ ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ မရရှိသေးကြောင်း မိသားစုကပြောသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...