လက်နက်ကြီးကျည်ကျရောက်၍ပြိုပျက်သွားသည့် မြောက်ဦးကဘုန်းကြီးကျောင်း ဘဏ္ဍာငွေနည်းပါး၍ ပြန်လည်ပြုပြင်ရန် အခက်အခဲဖြစ်နေ

လက်နက်ကြီးကျည်ကျရောက်၍ပြိုပျက်သွားသည့် မြောက်ဦးကဘုန်းကြီးကျောင်း ဘဏ္ဍာငွေနည်းပါး၍ ပြန်လည်ပြုပြင်ရန် အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လက်နက်ကြီးကျည်ကျရောက်၍ ပြိုပျက်သွားသည့် ဘုန်းကြီးကျောင်း ၁ ကျောင်းအား ပြန်လည် ဆောက်လုပ်ပြုပြင်ရန် ဘဏ္ဍာငွေမလုံလောက်၍  အခက်အခဲဖြစ်နေသည်ဟု သိရသည်။

လက်နက်ကြီးကျည်ကျရောက်၍ ပြိုပျက်သွားသည့် ဘုန်းကြီးကျောင်းမှာ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ အောင်မြီသုခကျောင်းတိုက်ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာရှိ ရွာသူ၊ ရွာသားများ ထိခိုက်ဒဏ်ရာရှိခဲ့ကြပြီး အသက်ဆုံးရှုံးခဲ့ရသူများလည်းရှိခဲ့သည့်အပြင် မြောက်ဦးမြို့ပေါ်မှ အောင်မြီသုခဘုန်းကြီးကျောင်းပါ လက်နက်ကြီးကျည်ထိမှန်၍ ပြိုပျက် သွားခြင်းဖြစ်သည်ဟု ကျောင်းအကျိုးတော်ဆောင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

"ဒီကျောင်းက ရွာကျောင်းလည်းမဟုတ်ဘူး။ ရွာကျောင်းဆိုရင် ရွာသားတွေဆီက အလှူငွေကောက်ပြီး ပြုပြင်လိုက်လို့ရတယ်။ အခုက တောကျောင်းဆိုတော့ အလှူရှင်သီးသန့်ပေါ်လာမှ လုပ်လို့ရတဲ့ အမျိုး။ အခုလည်း အလှူရှင် ဟိုကတစ်ယောက်ပေါ်လာ။ ဒီကတစ်ယောက်လှူတာနဲ့ လုပ်နေရတဲ့ ပုံစံမျိုးပါ။ အဓိကက ကုန်စျေးနှုန်းနဲ့ အတူ ဆောက်လုပ်ရေး ပစ္စည်းတွေလည်း မြင့်တက်နေတာလည်း ပါတယ်။ ဒါကြောင့် ပြန်လည် ပြုပြင်ဖို့ အခက်အခဲဖြစ်နေရတာပါ" ဟု ပြောသည်။

ယင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ ဘုန်းကြီးကျောင်း၏ ခေါင်မိုးများ၊ မှန်ပြတင်းများ၊ ဘုရားသိမ်တို့တွင် ပျက်စီးမှုများရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ဘုန်းကြီးကျောင်းပြိုပျက်နေ၍ ကျောင်းထိုင်ဆရာတော်အပါအဝင် စာသင်သား ရဟန်းတော်များပါ ဘုရားသိမ်များ၌ အဆင်ပြေသလို နေကြရသည်ဟု ကျောင်းတကာတစ်ဦးက ပြောသည်။

"နေရတာတွေက အဆင်မပြေဘူး။ ကျောင်းထိုင် ဆရာတော်နဲ့ စာသင်သား ရဟန်းတွေပါ ဘုရားသိမ်မှာ နေနေရတယ်။ ကျောင်းပြုပြင်ဖို့ လိုအပ်တဲ့ သိန်း ၃၀ ဝန်းကျင်လောက်ကို သီးသန့်အလှူ ရှင်ပေါ်လာတာပဲဖြစ်ဖြစ်။ စုပေါင်းလှူတာပဲဖြစ်ဖြစ်။ လှူလိုက်ရင်တော့ အဆင်ပြေသွားမှာပါ" ဟု ပြောသည်။

လက်နက်ကြီးကျည်ကျရောက်၍ပြိုပျက်သွားသည့် ဘုန်းကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော် ၁ ပါးနှင့် စာသင်သားရဟန်း ၇ ပါး၊ စုစုပေါင်း ၈ ပါးရှိသည်ဟုလည်း သိရသည်။ (NN-12)

ဓာတ်ပုံ - Zaw Htun

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...