မြောက်ဦးမှ ရတနာပါလနာရေးဖောင်ဒေးရှင်း အဖွဲ့ဝင်ဦးမောင်ကျော်ညွှန့်ကို စစ်ကောင်စီတပ်က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွား

မြောက်ဦးမှ ရတနာပါလနာရေးဖောင်ဒေးရှင်း အဖွဲ့ဝင်ဦးမောင်ကျော်ညွှန့်ကို စစ်ကောင်စီတပ်က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ နာရေးအဖွဲ့တစ်ခုဖြစ်သည့် ရတနာပါလအသင်းမှ အသင်းဝင်တစ်ဦး ဖြစ်သူ ဦးမောင်ကျော်ညွှန့်ကို စစ်ကောင်စီတပ်က ယနေ့နံနက်က အိမ်ထဲကနေ  ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

ဦးမောင်ကျော်ညွှန့်သည် ၎င်းအသင်း ကားအဖွဲ့ ၏ ဥက္ကဋ္ဌ တာဝန်ကို ယူထားသည်ဟုလည်း သိရသည်။

ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၆ နာရီခွဲတွင် မြောက်ဦးမြို့၊ လက်ကောက်ဈီးရပ်ကွက်ရှိ သူ၏နေအိမ်မှ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"၆ နာရီခွဲက အိမ်ကိုဝင်ဖမ်းသွားတာပါ။ သူကမြောက်ဦးနာရေးကားအသင်းက တာဝန်ခံပါ။ ပြီးတော့ ဈေးမှာလည်း ကုန်စုံဆိုင်ရောင်းပါတယ်။ ဘာလို့အခုလို ဖမ်းတယ် မသိဘူး။ စစ်တပ်ကဖမ်းတာမလို့ တပ်ရင်း ၃၇၇ နဲ့  ၃၇၈ တစ်ခုခုကို ခေါ်သွားမယ်လို့ ပြောနိုင်ပါတယ်"ဟု ပြောသည်။

မြောက်ဦးတွင် အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးမှုများဆက်တိုက်ရှိလာ၍ ဒေသခံများမှာ လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြနေကြရကြောင်း အမည်မဖော်လိုသူ ရပ်ကွက်ဥက္ကဋ္ဌ တစ်ဦးက ပြောသည်။

"လက်ရှိ မြောက်ဦးမှာ လူတွေစိုးရိမ်နေရပါတယ်။ ညဘက်တွေဆို သူတို့ ဧည့်စာရင်းဝင်စစ်တယ်။ ဘယ်သူရယ်လို့ မဟုတ် ဟိုလူ့လိုက်ဖမ်း၊ ဒီလူ့လိုက်ဖမ်းနဲ့ မချင်ရင်မချင်သလို ခေါင်းစဉ်တပ် ဖမ်းတာတွေကြောင့် အကုန်သတိထားပြီး စိုးရိမ်နေရတယ်တချိန်လုံး"ဟု ပြောသည်။

မြောက်ဦးမြို့မှ သတင်းထောက်ဟောင်း ကိုဖိုးသီဟ၊ ကိုရင်ဆို့(ခ)ကျော်ဇံဝေ၊ က မြောက်ဦး နန်းရိပ်ဂရုဏာ အခမဲ့အောက်စီဂျင်ကူညီရေးအဖွဲ့မှ ညီအစ်ကိုနှစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ကလည်း ဆေးဆိုင်ဖွင့်လှစ်ရောင်းချသူ ဦးဘကျော်ကိုလည်း ဖမ်းဆီးခဲ့သည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...