ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အပြင်းအထန်နှိပ်စက်ခံရပြီးနောက် ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံရ

ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အပြင်းအထန်နှိပ်စက်ခံရပြီးနောက် ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံရ

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီခံထားရသည့်  ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်ဦးကို စစ်ကောင်စီတပ်က အပြင်းအထန် နှိပ်စက် စစ်ဆေးခဲ့သည့်အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်လည်း အမှုဖွင့်တရားစွဲဆိုထားသည်ဟု သိရသည်။

၎င်းအုပ်ချုပ်ရေးမှူး ၂ ဦးမှာ  အသက် (၆၆) အရွယ် တပ်မင်းချောင်းကျေးရွာ ဒိုင်းနက်လူမျိုး အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှနှင့် အသက် (၆၀) အရွယ် မီးကျောင်းစျေး မူလဆင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူ‌ဆောင်းတို့ ဖြစ်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ၂ဦးကို နယ်ခြား‌စောင်ရဲတပ်ရင်း (၁၃)  ကို လွှဲ‌ပြောင်းပြီးနောက် မိသားစုဝင်များ သွား‌ရောက်တွေ့ဆုံရာတွင်  စစ်ကြောရေးတွင် နှိပ်စက်မှုများကြောင့် ခန္ဓာကိုယ်များတွင် ဒဏ်ရာများနှင့် နာကျင်မှုဒဏ်ကိုခံစားနေရသည်ကို တွေ့မြင်ခဲ့ရသည်ဟု ၎င်းတို့က နိရဉ္စရာသတင်းဌာနကို ပြောသည်။

" စစ်တပ်က ရဲလက်ကိုအပ်တော့ မိသားစုတွေကိုအကြောင်းကြားတော့ သွားတွေ့ခဲ့ပါတယ်။ နှိပ်စက်ထားတာကပြောစရာမလိုပါဘူး။ သူတို့ထုံးစံဖြစ်နေပါပြီ။ အသက်ကလည်းကြီးနေပါပြီ။အသက် ၆၀‌ တောင်ကျော်နေပြီ။ ခန္ဓာကိုယ် တစ်ကိုယ်လုံးရောင်ရမ်းနေတာပဲ။ နာကျင်ကိုက်ခဲဒဏ်တွေကို ခံစားနေရတာလေ။ မြင်ရတာစိတ်မချမ်းသာဘူး။ ခံစားနေရတဲ့ ဝဋ်ကြွေးတွေ၊ငရဲ‌တွေကတော့  ပြောမနေပါနဲ့တော့" ဟုပြောသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄) တပ်ရင်း စစ်ဗျူဟာမှ  တစ်ခြားအုပ်ချုပ်ရေးမှူး ၁၀ ဦးနှင့် အတူ ၎င်းအုပ်ချုပ်ရေးမှူး နှစ်ဦးကိုတွေ့ဆုံရန် စက်တင်ဘာ ၃ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက် ပြန်မလွှတ်ဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ သူတို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးစလုံးကို စက်တင်ဘာ ၃ ရက်နေ့က ဖိတ်ခေါ်ပြီး စစ်တပ်မှာ တစ်ညချုပ်တယ်။ ကျန်တဲ့လူတွေကို နောက်တစ်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် သူတို့နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့တယ်။ လွန်ခဲ့တဲ့ စက်တက်ဘာလ ၂၈ရက်နေ့အထိ အဆက်အသွယ် မရရှိခဲ့ပါဘူး။  စက်တင်ဘာ ၂၉ရက်နေ့ ညနေ ၅နာရီ တွင် ဘူးသီးတောင် နယ်ခြားစောင့်ရဲတပ်ရင်း ၁၃ သို့ လွှဲပြောင်း‌ပေးခဲ့ပြီးမှ အဆက်အသွယ်ရခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

သူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) ကို ထောက်ပံ့ကြေးကောက်ခံ ပေးဆောင်သည်ဟု အတင်းဝန်ခံခိုင်းပြီးနောက်မှ ရဲလက်သို့ လွှဲပြောင်းပေးခဲ့သည်ဟု ပြောဆိုသည်။

" စက်တင်ဘာလ ၂၉ ရက်နေ့မှာ နယ်ခြားစောင့်ရဲလက်ကို အပ်တယ်။ စက်တင်ဘာ ၃၀ ရက်‌နေ့မှာ  ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ရမန်ယူခဲ့တယ်။ အောက်တိုဘာလ ၁၄ရက်နေ့ ရုံးထပ်ချိန်းဆိုထားပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

သူတို့နှစ်ဦးကို ဘူးသီးတောင်စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ၁၇(၁)ဖြင့် အမှုတွဲကို တစ်ခါတည်းလုပ်ပြီး ရဲလက်ကိုလွှဲ‌ပြောင်းပေးခဲ့သည်ဟု  သိရသည်။

ယခုကဲ့သို့ အုပ်ချုပ်ရေးမှူး ၂ ဦးကို အစည်းဝေးတက်ရောက်ရန် ဖိတ်ခေါ်ပြီး ဖမ်းဆီးနှိပ်စက်ကာ တရားစွဲဆိုမှုအပေါ် ကျန်ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း စိုးရိမ်နေကြရသည်ဟု သိရသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...