ကျောက်တော်မြို့နယ် ခေါင်းတုတ်ရခိုင်ရွာကို စစ်ကောင်စီတပ်က သေနတ်များဖြင့် ဖြိုပစ်နေ

ကျောက်တော်မြို့နယ် ခေါင်းတုတ်ရခိုင်ရွာကို စစ်ကောင်စီတပ်က သေနတ်များဖြင့် ဖြိုပစ်နေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်(ရခိုင်)ရွာကို စစ်ကောင်စီတပ်က သေနတ်များဖြင့် ဖြိုပစ်နေပြီး ရွာထဲက မီးခိုလုံးများထွက်လာသည်ကို မြင်ရ၍ အထူးစိုးရိမ်နေကြောင်း ထွက်ပြေးလာသူ တစ်ဦးက နိရဉ္စ္စရာသတင်းဌာကို ဆက်သွယ်ပြောကြားသည်။

၎င်းရွာသားက "ကျနော်တို့လည်း ထွက်ပြေးနေရပါတယ်။ စစ်သားတွေရွာမှာ ဖြိုပစ်နေလို့။ တစ်နာရီလောက်ရှိပြီ ပစ်နေတာက။ ရွာနဲ့လည်း အဆက်အသွယ်မရတော့ ဘာတွေဖြစ်နေလဲမသိသေးဘူး။ မိန်းမတွေနဲ့ ကလေးတွေကျန်ခဲ့သေးတယ် ရွာမှာ” ဟု ည၈နာရီကျော်က ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း တစ်ခုသည် ညနေ ၄ နာရီခန့်ကလည်း ခေါင်းတုတ်ရွာကို ဝင်ရောက်ခဲ့ပြီး ဒုတိယ တစ်ကြိမ် ဝင်ရောက်လာစဉ် ရွာထဲကို သေနတ်များဖြင့် ဖြိုပစ်နေခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

" ညနေ ၄ နာရီကျော်လောက်မှာ ရွာထဲကို စစ်သားတွေ ဝင်ပြီးလူတွေကို ခေါ်တယ်စစ်တယ်။ အဲ့ဒီကတည်းက ရွာက ယောကျာ်းတွေက ရှောင်နေကြတာပါ။ ပြီးတော့ ရွာထဲကနေ ထွက်သွားတယ်။ နောက်တစ်ခေါက် ရွာထဲအတိုင်း ပြန်ဝင်လာပြီး တစ်ရွာလုံးကို ပတ်ပြီး သေနတ်နဲ့ပစ်ပါတယ်။ အဲ့ဒီအချိန်မှ ကျနော်တို့လည်း ထွက်ပြေးကြပါတယ်” ဟု ပြောဆိုသည်။

ရွာထဲတွင် မီးလောင်မှုများရှိနေပြီး လက်ရှိတွင် မီးငြိမ်းသွားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

" ကျွန်တော်တို့ ထွက်ပြေးကြလာကြပြီး  ရွာဘက်ပြန်လှည့်ကြည့်တော့ မီးတွေလောင်နေတယ်။ ဘယ်အိမ်ဖြစ်မယ်မသိဘူး။ ဘုန်းကြီးကျောင်းနားကပါ မီးလောင်နေတာက ။ ဘာမှလည်း တိုက်ပွဲဖြစ်တာမဟုတ်ဘဲ လုပ်တာပါ။ ခဏအကြာတော့ မီးငြိမ်သွားတာကို တွေ့ရတယ်။ မနက်ကျမှပဲ ဘယ်အိမ်လဲ၊ ဘာတွေထိခိုက်မှုရှိလဲ သိရမှာပါ။ ရွာကလူတွေကိုဆက်တာလည်း ဖုန်း ဆက်မရ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရွာမှ ယောကျ်ားအများစုမှာထွက်ပြေးသွားကြပြီး သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးငယ်များသာကျန်ရှိနေပြီး သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရ၍ အထူးစိုးရိမ်စရာ ဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

နိရဉ္စရာမှ ကျောက်တော်မြို့မှ လူမှုရေး လှုပ်ရှားသူ တစ်ဦးကို ဖုန်းဖြင့် ဆက်သွယ်မေးကြည့်ရာ ၎င်းက  “ ကျွန်တော်တို့ကြားတာက သေနတ်နဲ့ပစ်တယ်။ လူတွေကိုလည်း ဖမ်းနေတယ်လို့ကြားတယ်။ ခေါင်းတုတ်ရွာက စိုးရိမ်စရာဖြစ်နေပါတယ်။ ခေါင်းတုတ်က ကျောက်တော်အထက် ရေမိုင်နဲ့ဆိုရင် ၃ မိုင် ၄ ဖာလုံလောက်မှာ တည်ရှိပါတယ်” ဟု ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...