မင်းပြားနှင့် ဘူးသီးတောင်တွင် စစ်ကောင်စီတပ်က ညအချိန်၌ လက်နက်ကြီးများဖြင့် ထပ်ပစ်ခတ်နေ

မင်းပြားနှင့် ဘူးသီးတောင်တွင် စစ်ကောင်စီတပ်က ညအချိန်၌ လက်နက်ကြီးများဖြင့် ထပ်ပစ်ခတ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် စစ်ကောင်စီက ယနေ့ ညအချိန်၌ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ယနေ့အောက်တိုဘာလ ၅ ရက်၊ ညည့် ၈ နာရီခန့်တွင် မင်းပြားမြို့ရှိ (၅၄၁)တပ်ရင်းမှ  လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်ကြောင်း မည်သည့် နေရာသို့ ပစ်ခတ်နေသည်ကို ဒေသခံများအနေဖြင့် မသိရှိရသေးဘဲ လက်နက်ကြီးပစ်ခတ်သံများကို ၈ ကြိမ်ခန့် ဆက်တိုက်ကြားနေရကြောင်း မင်းပြားမြို့ခံတစ်ဦးက ညည့် ၈ နာရီခွဲခန့်က နိရဉ္စရာက ဆက်သွယ် မေးမြန်းရာတွင်ပြောသည်။

" လက်နက်ကြီးပစ်နေတာကတော့ ကျိန်းတောင်ပေါ်ကနဲ့ ကြပ်စင်တံတား ပေါ်ကပဲ ဖြစ်မယ်။ ကျနော်တို့ ကြားနေရတာကတော့ ရှစ်ခေါက်လောက်ကို ရှိပြီ။ နယ်ကျေးရွာတွေဘက်ကို ပစ်နေတာထင်တယ်။ လက်နက်ကြီးတွေ ဘယ်ရွာတွေမှာ သွားကျနေလဲတော့ မသိရသေးဘူး။ ညအချိန်ဆို သူတို့က လက်နက်ကြီးတွေပစ်ပြီ အခုတလော နေ့တိုင်းလိုလိုဘဲ" ဟုပြောသည်။

နောက်ထပ်မင်းပြားဒေသခံတစ်ဦးက ""၈ နာရီမထိုးခင်ကနေပစ်နေတာပါ။  မင်းပြား ၅၄၁ တပ်ရင်းနဲ့ မယ်တော်တောင်ကနေ ကြပ်စင်ဘက်ကိုပစ်နေတာပါ။ အခု ကျနော်သိသလောက် ၆ လုံး၊ ၇ လုံးရှိပြီ" ဟုပြောသည်။

ထို့အပြင် ဘူးသီးတောင်ဗျူဟာမှနေ၍လည်းည ၈ နာရီခန့်မှစကာ စစ်ကောင်စီ တပ်က လက်နက်ကြီးများပစ်ခတ်နေသည်ဟု ခန့်မှန်းမိကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။

" ထမင်းစားနေတုန်းမှာ ကြားလိုက်ရတယ်။ လက်နက်ကြီးပစ်တာ မနေ့ကလည်း သုံးကြိမ်လောက ်ကြားလိုက်ရတယ်။ ဘူးသီးတောင်ကနေ နယ်ဘက်တွေကို ပစ်နေတာထင်တယ်" ဟုပြောသည်။

နောက်ထပ်ဘူးသီးတောင်မြို့ခံတစ်ဦးက "မနေ့ကလည်း ပစ်ပါသေးတယ်။ လက်ရှိ ဘူးသီးတောင်မြို့မှာတော့ ၈ နာရီ ၅ မိနစ်က အနောက်ကွင်း(၅) ရပ်ကွက်ဘက်မှာ အခုလေးတင် မြို့နဲ့အနီးကပ် လက်နက်ကြီးတွေပစ်နေပါတယ်" ဟုပြောသည်။

အဆိုပါဘူးသီးတောင်မြို့တွင် လက်နက်ကြီးများ ပစ်ခတ်နေသည်မှာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ကဆိုလျှင်လည်း မြို့ထဲတွင် လက်နက်ငယ်ပစ်ခတ်မှုများ အထိ ရှိခဲ့သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။

""၃ ရက်ဆက်တိုက် ရှိပြီ လက်နက်ကြီးပစ်တာ။ ၃ ရက်နေ့ကဆို လက်နက်ငယ်ပါ မြို့ထဲမှာပစ်တယ်။ ဒီနေ့လည်း လက်နက်ကြီးက တောက်လျှောက်ပစ်နေတာပါ။ မနက် ၇ နာရီလောက်ကနေ ကြားနေရတာပါ။ အခုထိပစ်နေတာပဲ"ဟုပြောသည်။

စစ်ကောင်စီတပ်သည် မင်းပြားနှင့်ဘူးသီးတောင်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်မှစကာ ညအချိန်ရောက်ပြီဆိုလျှင် လက်နက်ကြီးအသံများ ကြားနေရသည်မှာ နေ့စဉ်ရက်ဆက်သလိုရှိနေပြီ အေအေကို ကြောက်လှန့်ကာ ခြိမ်းခြောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...