ရခိုင်တွင် ဆေးဝါးများတင်သွင်းမှုကိုပိတ်ပင်ထားပြီးဆေးဆိုင်ပိုင်ရှင်များကို ဖမ်းဆီးမှုလည်းရှိလာ

ရခိုင်တွင် ဆေးဝါးများတင်သွင်းမှုကိုပိတ်ပင်ထားပြီးဆေးဆိုင်ပိုင်ရှင်များကို ဖမ်းဆီးမှုလည်းရှိလာ

ရခိုင်ပြည်နယ်သို့ ဗမာပြည်မဘက်က ဆေးဝါးများတင်သွင်းခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး နောက်ပိုင်းတွင် ဆေးဝါးရောင်းချသူများကိုပါ ဖမ်းဆီးမှုရှိလာသည်ဟု သတင်းရရှိသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်း မြို့နယ်များသို့ ဆေးဝါးများ တင်သွင်းခွင့်ကို စက်တင်ဘာ ၂၅ ရက်နေ့က စတင်ပိတ်ထားပြီး အမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဆေးဝါးများကို သယ်ဆောင်ခွင့်မပြုကြောင်း ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

ထိုသို့ ဆေးဝါးများ သယ်ယူခွင့်ကို တားမြစ်ပိတ်ပင်ထားသလို တစ်ခြား တစ်ဘက်တွင်လည်း ဆေးဆိုင်ပိုင်ရှင်များကိုလည်း စတင်ဖမ်းဆီးလာရာ အောက်တိုဘာ ၃ ရက်နေ့က မြောက်ဦးမြို့ အသက် ၆၅ နှစ်ခန့်အရွယ် ဆေးဆိုင်ပိုင်ရှင် ဦးဘကျော်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

၎င်းသည် မြောက်ဦးမြို့၊ မြို့မဈေးတွင် ဆေးဆိုင်ဖွင့်ရောင်းချနေစဉ် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများက ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ယခုလို ဆေးဝါးများကို သယ်ယူခွင့် ပိတ်ပင်ခြင်း၊ ရောင်းချသူများအပေါ် ပစ်မှတ်ထား ဖမ်းဆီးလာခြင်းများအပေါ် အထူးစိုးရိမ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

"သူကမြောက်ဦးဈေးမှာ ဆေးဆိုင်ဖွင့်ရောင်းနေတာကြာပါပြီ။ သူ့ကို ဒီနေ့မနက်က စစ်သားတွေလာပြီး ဖမ်းသွားတာပါ။ ဆေးဆိုင်တစ်ခုပဲ ရောင်းနေတဲ့သူပါဘဲ။ ဆေးရောင်းနေတဲ့သူကိုပါ ဖမ်းတယ်ဆိုတော့ အထူး စိုးရိမ်စရာဖြစ်လာပါပြီ "ဟု ၎င်းက ဆက်လက်ပြောသည်။

ဆေးဝါးသယ်ယူခွင့်ကို အစိုးရက တစ်စုံတရာညွှန်ကြားချက်မရှိပဲ ဒေသအတွင်းက စစ်ကောင်စီတပ်က ပိတ်ပင်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်မှုနှင့် ရင်ဆိုင်နေရသဖြင့် သူ့ဆိုင်တွင် ဆေးဝါးလက်ကျန်မှာ တစ်လစာသာကျန်တော့ကြောင်း စစ်တွေမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

 '' ဆေးတွေကို မသယ်ရဘူးလို့ တရားဝင်ညွှန်ကြားထားတာလည်း မရှိဘူး။ ဒါပေမယ့် စစ်တပ် စစ်ဆေးရေးဂိတ်က သယ်ဆောင်ခွင့်မပြုဘူး။ အခု ဆေးလက်ကျန်က တစ်လစာပဲ ကျန်ပါပြီ။ ဒါကုန်လို့မှ ခွင့်မပြုသေးရင် ဒုက္ခရောက်မှာ'' ဟု ပြောသည်/

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ULA/AA ထံ ဆေးဝါးများ မရောက်အောင် ရည်ရွယ်ချက်ဖြင့်ဆေးဝါးများ ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း၊  ၎င်းလုပ်ရပ်သည် ပြည်သူလူထုကိုသာ ထိခိုက်မှုဖြစ်စေ၍ စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်နေကြောင်း ဝေဖန်ပြောဆိုသည်။

''ULA/AAကို  အရင်က စစ်အစိုးရကိုယ်တိုင် ကိုဗစ်ဆေးတွေတောင် ပေးခဲ့သေးတယ်။ အခု မှ ညစ်ချင်တာနဲ့ ပြည်သူတွေကို ဆေးဝါး ရိက္ခာဖြတ်တောက်တာက အင်မတန်ရက်စက်ရာကျတယ်။ ဆေးဝါး၊ ရိက္ခာဖြတ်တောက်တာက ပြည်သူတွေကို သေစေအောင်ရည်ရွယ်တာပဲ။ စစ်ရာဇဝတ်မှု ကျူးလွန်တာပေါ့။ ဒီထက်ဆိုးလာရင် လူမျိုးတုန်း သတ်တာလည်းဖြစ်နိုင်တာပဲ'' ဟု ဆိုသည်။

ရခိုင်အမျိုးသမီးကွန်ယက်အဖွဲ့ ဥက္ကဌ ဒေါ်ညိုအေးက '' ကျန်းမာရေးအရ လိုအပ်ချက်ကို ခွင့်မပြုတာက အရမ်းဆိုးဝါးပါတယ်။ ဆေးရုံ ဆေးခန်းတွေက အစ ဆေးဝါးမရှိရင်မလည်ပတ်တော့ဘူး။ မြို့ပေါ်က ပြည်သူတွေက အတိုင်းအတာတစ်ခုထိ နေနိုင်ပေမယ့် ကျေးလက်နေပြည်သူတွေကတော့ အတိဒုက္ခ ရောက်တာပေါ့။ ဒါဟာ လူသားတွေရသင့်ရထိုက်တာကို ပိတ်ပင်တဲ့ လူအခွင့်အရေးချိုးဖောက်ခြင်းပဲ'' ဟု နိရဉ္စရာသို့ ပြောသည်။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်ကလည်း မြောက်ဦး နန်းရိပ်ကရုဏာ အခမဲ့အောက်ဆီဂျင်ကူညီရေးအဖွဲ့မှ ညီအစ်ကို ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ထိ ဘယ်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရဖြစ်နေသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောဆိုသည်။

၎င်းတို့ ၂ ဦးအနက် အစ်ကိုဖြစ်သူမှာ အဆိုပါအခမဲ့အောက်စီဂျင် ကူညီရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်ပြီး ညီဖြစ်သူမှာအဖွဲ့ဝင်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆေးဝါးများ အေအေဆီကို မရောက်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက သယ်ယူခွင့် တားမြစ်မှု ပြုလုပ်နေခြင်းမှာ မိုက်မဲသော လုပ်ရပ်သာဖြစ်ပြီး အဆိုပါ တားမြစ်ချက်မှာ အေအေကိုမထိခိုက်ဘဲ ရခိုင်ပြည်နယ်ရှိ လူထုကိုသာ အဓိက ထိခိုက်နေသည်ဟု အများ ပြည်သူများက သုံးသပ်ပြောဆိုကြသည်။

တောင်ကုတ်နှင့်ဂွ စစ်ဆေးရေးဂိတ်များတွင်ဆေးဝါးသယ်ယူခြင်းကို ယခုကဲ့သို့ ပိတ်ပင်ခြင်း မရှိသေးကြောင်း နှင့် အချိန်မရွေးပိတ်သွားနိုင်ကြောင်း တောင်ကုတ်မြို့နယ်က ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“ တောင်ကုတ်နဲ့ ဂွဖက်က ဖြတ်ပြီးဆေးတွေ အခုထိ ပို့လို့ရနေတယ်။ ဘယ်နေ့ပိတ်မလဲတော့ မသိဘူး။ ဆေးက အမြဲတမ်းလည်ပတ်နေတာ။ လှောင်ထားလည်းမရှိတော့ ပိတ်ပင်တာတွေ ရှိလာရင်တော့ အခက်အခဲအများကြီးဖြစ်မှာပေါ့'' ဟု နိရဉ္စရာ သို့ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...