ကုန်းလမ်း၊ရေလမ်းပိတ်ထား၍ စစ်တွေတွင် စာမေးပွဲလာဖြေကြသည့် မြို့ နယ်အချို့မှ အဝေးသင်ကျောင်းသူ၊ ကျောင်းသားများ နေရပ်မပြန်ရဘဲဖြစ်နေ

ကုန်းလမ်း၊ရေလမ်းပိတ်ထား၍ စစ်တွေတွင် စာမေးပွဲလာဖြေကြသည့် မြို့ နယ်အချို့မှ အဝေးသင်ကျောင်းသူ၊ ကျောင်းသားများ နေရပ်မပြန်ရဘဲဖြစ်နေ

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ကုန်းလမ်းနှင့် ရေလမ်းတို့ကို စစ်ကောင်စီက ပိတ်ထားသည့်အတွက် စစ်တွေမြို့သို့လာရောက် စာမေးပွဲဖြေဆို ပြီးစီး သွားခဲ့ကြသည့် မြို့နယ်အချို့မှ  အဝေးသင်ကျောင်းသူ၊ ကျောင်းသားများသည် နေရပ်မပြန်နိုင်ဘဲ စစ်တွေတွင် သောင်တင်ကာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

မောင်တောမြို့နယ်မှ ကျောင်းသားတစ်ဦးက"မောင်တောနဲ့စစ်တွေ ကားလမ်းကော၊ ရေလမ်းပါ အကုန်ပိတ်ထားပါတယ်။ အရင်ကဆို ရေချမ်းပြင်ကနေ အငူမော်ကိုသွားတယ်။အငူမော်ကနေ မောင်တောကို သွားလို့ရတယ်။ အခုလမ်းတွေပိတ်ထားတော့ မသွားရသေးဘူး။ ကိုယ့်အစီအစဥ်နဲ့ကိုယ် အဆင်ပြေမယ့်အတိုင်းသွားရမှာပါ။ အခုတော့ မသွားရသေးဘူး။ အခုချိန်ထိအဆောင်မှာ အထုတ်အပိုးတွေနဲ့ စောင့်နေတုန်း" ဟု ပြောသည်။

အဝေးသင်ဒုတိယအသုတ် ကျောင်းသူ၊ ကျောင်းသား အများအပြားသည် သူတို့၏ စာမေးပွဲ အောက်တိုဘာ ၁ ရက်က ပြီးစီးခဲ့ပြီဖြစ်သော်လည်း ကုန်းလမ်းနှင့်ရေလမ်းများ အပိတ်ခံထားရသည့် အတွက် လက်ရှိအချိန်အထိ မိမိနေရပ်သို့ မပြန်နိုင်ဘဲ စစ်တွေတွင် အခက်အခဲမျိုးစုံဖြင့် သောင်တင် ပိတ်မိနေကြသည်ဟု ရသေ့တောင်မြို့နယ်မှ ကျောင်းသားတစ်ဦးက ပြောသည်။

"လမ်းမဖွင့်ပေးဘူး။ လမ်းပိတ်ထားလို့အိမ်ပြန်မရဘူးဖြစ်နေတယ်။ သုံးဖို့ ပိုက်ဆံတွေကလည်း ကုန်နေပြီဆိုတော့ အရမ်းအခက်အခဲဖြစ်နေတာ" ဟု ပြောသည်။

စစ်တွေတွင်နေရပ်မပြန်နိုင်ဘဲ သောင်တင်ပိတ်မိနေသည့်ကျောင်းသူ၊ ကျောင်းသားများအထဲတွင် မင်းပြား၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်များမှ ကျောင်သား ကျောင်းသူ အများအပြားပါဝင်သည်ဟု သိရသည်။

မြေပုံကကျောင်းသား တစ်ဦးက “  မြေပုံကို ကားမထွက်တဲ့ ပြန်မရ ဖြစ်နေပါတယ်။ ပေါက်တောကနေ အဆင့်ဆင့် ပြန်နေကြတဲ့ ကျောင်းသားတွေ ရှိပါတယ်။ ကားလမ်းကနေ သွားခွင့်မရတော့ ရေလမ်းကနေပေါက်တော၊ ပေါက်တောကနေ မင်းပြား၊ မင်းပြားကနေ မြေပုံ အဆင့်ဆင့် ပြန်နေကြရပါတယ်” ဟု ပြောကြားသည်။

ကျောင်းသားများ နေရပ်ပြန်နိုင်ရေးအတွက် စကစအာဏာပိုင်များက  ၃ ရက်သာ လမ်းဖွင့်ပေးသည်ဟု ကြားသိရသော်လည်း မသေချာ မရေရာဘဲ ဖြစ်နေသဖြင့်  မိမိအစီအစဉ်ဖြင့် ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့်  ဖြစ်သလို နေရပ် ပြန်နေကြသူများလည်း ရှိသည်ဟု နောက်ထပ် မောင်တောက ကျောင်းသားတစ်ဦးက ဆက်ပြောသည်။

“ကျောင်းသားတွေ စာမေးပွဲပြီးလို့ အိမ်ပြန်ဖို့ လမ်း ၃ ရက်ဖွင့်ပေးတယ်လို့သာ ပြောတာ။ ရေချမ်းပြင်-အငူအမော်လမ်းကိုတောင် မဖွင့်ပေးဘူး။ ပိတ်ထားသေးတယ်။ အဓိက ကျောင်းသူမိန်းခလေးတွေက ပိုအခက်အခဲ ဖြစ်ကြရပါတယ်”ဟု ပြောသည်။

ဘူးသီးတောင်မှ ကျောင်းသားတစ်ဦးက "ဘူးသီးတောင်နဲ့စစ်တွေ ကားလမ်းတွေကို ပိတ်ထားတာတော့ကြာပြီ။ အမြန်ယာဥ်လိုင်းတွေလည်း ပိတ်ထားတယ်။ အခုလည်းပိတ်ထားဆဲပါပဲ။ ရွာကိုပြန်တာကတော့ ဒီစစ်တွေကနေ ဘူးသီးတောင်ကို စက်လှေနဲ့သွားမယ်။ စက်လှေကလည်း ကိုယ်တို့ဘာသာ စီစဥ်ပြီးသွားရတာပါ။ ဘူးသီးတောင်ရောက်မှ ရွာကို ပြန်ရပါမယ် ။ တစ်ယောက်တည်းသွားတာတော့ မကောင်းဘူး။ စရိတ်တွေလည်း ကြီးတယ်။သူငယ်ချင်းတွေနဲ့စုပြီး သွားရတယ်။ ဒါမှ အကုန်အကျသက်သာပြီး လုံခြုံမှု ရှိပါတယ်”ဟု ပြောကြားသည်။

စစ်တွေမြို့ထွက်ဝဂိတ်တွင်ဆိုလျှင်လည်း နေရပ်ပြန်သည့် အဝေးသင် ကျောင်းသား၊ ကျောင်းသူများကို စစ်ဆေးမှုများတင်းတင်းကျပ်ကျပ် ပြုလုပ်လျက်ရှိသည်ဟုလည်း ပုဏ္ဏားကျွန်းမှ ကျောင်းသားတစ်ဦးက ပြောသည်။

"စစ်တွေမြို့ထွက်ဝဂိတ်တွေတောက်လျှောက်မှာ အရမ်းစစ်တယ်။ ကျောင်းသားကတ်တွေ။ မှတ်ပုံတင်တွေပါ တစ်ခါတည်း ပူးတွဲပြီးပြရတယ်။ သူတို့တောင်းရင် အလိုက်သင့်ထုတ်ပြနိုင်ဖို့ တစ်ခါတည်းဆောင်ထားရတယ်" ဟု ပြောသည်။

အဝေးသင်ဒုတိယအသုတ် ကျောင်းသူ၊ ကျောင်းသားသည်  စက်တင်ဘာလ ၂၆ ရက်တွင် စာမေးပွဲ စတင်ဖြေဆိုခဲ့ကြရပြီး အောက်တိုဘာလ ၁ ရက်တွင် စာမေးပွ ပြီးဆုံးသွားခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် သြဂုတ်လ ၁၃ ရက်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပြီးနောက် မောင်တော-အငူမော်ကားလမ်းနှင့် အငူမော်-စစ်တွေ (ရေချမ်းပြင်) ရေကြောင်းလမ်းတို့ကို သြဂုတ်လ ၁၄ ရက်မှစတင်ကာ စစ်တပ်က ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်မှ စတင်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်အထိ ၁၇ ရက်တိုင်တိုင် စစ်တွေ-မြောက်ဦးရေကြောင်းလိုင်းကို စစ်ကောင်စီက ယာယီပိတ်ထားသည်ဟု ပြောဆိုသော်လည်း ယနေ့ထိ ဖွင့်မပေးသေးဟု သိရသည်။

လူသွားလူလာများသည့် စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် အမြန်ရေယာဉ်လိုင်းနှင့် စစ်တွေ-ပေါက်တော-မင်းပြား အမြန်ရေယာဉ်လိုင်း များကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်နေ့က စပြီး စစ်ကောင်စီက  အကန့်အသတ်မရှိ ထပ်မံပိတ်ထားသည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...