ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးခံထားရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကို မြန်မာစစ်တပ်က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇ (၁) ဖြင့် ဘူးသီးတောင်မြို့နယ်တရားရုံးတွင် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
အမှုဖွင့်ခံထားရသည့် ကျေးရွာအုပ်ချုပ်မှူးနှစ်ဦးမှာ မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းနှင့် တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှတို့ဖြစ်သည်။ အဆိုပါအုပ်ချုပ်ရေးမှူးနှစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ချုပ်ရမန်နှစ်ပတ်ယူခဲ့ကြောင်း ဦးကျော်လှ၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။
“သူတို့ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ချုပ်ရမန်နှစ်ပတ်ယူထားတယ်။ အောက်တိုဘာ ၄ ရက်နေ့မှ သိရမှာပါ။ အမှုဖွင့်တာကတော့ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ဖွင့်တာပါ။ ဖမ်းဆီးခံရတဲ့အချိန် ရိုက်နှက်ခံရတာတွေေရှိတယ်။ အခုတောင် သူ့ကို ဆေးတွေပို့နေရတယ်”ဟု ၎င်းမိသားစုဝင်ကပြောသည်။
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး (၂) ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ အမှုဖွင့်ထားခြင်းဖြစ်ပြီး ယင်းသို့စွပ်စွဲချက်အပေါ် မိသားစုဝင်များက ငြင်းဆိုကြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့က ဘူးသီးတောင်တပ်ရင်း (၂၃၄) စစ်ဗျူဟာ တာဝန်ရှိသူတို့က အနီးအနားမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို အစည်းအဝေးခေါ်ယူခဲ့ပြီး အဆိုပါကျေးရွာအုပ်ချုပ်ရေမှူးနှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ယင်းနေ့က ဘူးသီးတောင်မြို့နယ် တပ်ရင်း (၂၃၄) စစ်ဗျူဟာ တာဝန်ရှိသူတို့ခေါ်ယူသည့် အစည်းအဝေးသို့ နန်းရာကုန်း၊ ပြင်ရှည်၊ စံညှင်းဝ၊ လောင်းချောင်း၊ တပ်မင်းချောင်း၊ င/ကျည်ထောက်၊ မီးချောင်းခေါင်းဆွဲ၊ အင်းချောင်း၊ ပဒနာ၊ မီးကျောင်းဈေးနှင့် ဓားပိုင်ဆရာ စသည့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူး ၁၂ ဦးတို့က သွားရောက်ခဲ့ကြသည်။
ယင်းအထဲမှ ၁၀ ဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း မီးကျောင်းဈေးအုပ်ချုပ်ရေးမှူးနှင့် တပ်မင်းချောင်းအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးထားခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးတွင် စစ်တပ်က တရားလိုပြုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ဦးအာမီဟူဆောင်း၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။
“သူတို့ကို အမှုဖွင့်တာတော့ ဟုတ်ပါတယ်။ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ- ၁၇ (၁) နဲ့ပါ။ အုပ်ချုပ်မှူးနှစ်ဦးစလုံးကို အမှုဖွင့်ထားတာပါ။ တရားလိုကတော့ စစ်တပ်ကပြောတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးတရားစွဲဆို ခံရမှုများရှိသည့်အတွက် အခြားအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်ကာ နှုတ်ထွက်စာတင်ရန်အထိ စဉ်းစားချက်များရှိနေကြောင်း ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသည့် ဘူးသီးတောင် ကျေးရွာအုပ်ချုပ်မှူးတစ်ဦးက DMG သို့ပြောသည်။
“အုပ်ချုပ်ရေးမှူးတွေကို အပြစ်မရှိဘဲ အလိုလိုဖမ်းတယ်၊ တရားစွဲဆိုတဲ့အတွက် ကျနော်တို့လည်း စိုးရိမ်မှုရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အုပ်ချုပ်မှူးတွေက ကြားညှပ်နေတယ်။ ဟိုဖက်က (စစ်တပ်) က ခေါ်ရင်လည်း သွားရတယ်။ နောက်ပြီးတော့ ဒီဖက် (AA) ကခေါ်ရင်လည်း သွားရတယ်။ တစ်ခုခုဆိုရင် အုပ်ချုပ်ရေးမှူးတွေကိုပဲ အရေးယူတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိကျေးရွာအုပ်ချုပ်မှူးနှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇ (၁) ဖြင့် အမှုဖွင့်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်း (တောင်ပြို) ကျေးရွာမှ ကျေးရွာတာဝန်ခံနှင့် သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၂) သို့ အစည်းအဝေးသွားရာတွင် ဖမ်းဆီးခံလိုက်ရပြီး ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးပေ။
ရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပြီး အဆိုပါတိုက်ပွဲဖြစ်စဉ်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာလည်း သံသယဖြင့် ဖမ်းဆီးခံရမှုများရှိလာနေပြီး မောင်တောဒေသရှိ တချို့အုပ်ချုပ်ရေးမှူးများမှာလည်း နှုတ်ထွက်စာတင်ထားသည်ကို တွေ့ရသည်။







