ကျုံပျော်မြို့တွင် PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ အသက် ၆၀ ကျော် အမျိုးသား အပါအဝင် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကျုံပျော်မြို့တွင် PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ အသက် ၆၀ ကျော် အမျိုးသား အပါအဝင် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် PDF များနှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က အသက် ၆၀ ကျော်အမျိုးသား အပါအဝင် အမျိုးသားသုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၃ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်၌ အသက် ၆၃ နှစ် အရွယ် ဦးတိုက်မောင်းဆိုသူကို ကျုံပျော်မြို့နှင့် ကျောင်း ကုန်းမြို့အစပ် သရက်ကုန်းရွာတွင် စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းတိမ်းရှောင်နေသည့်နေအိမ်မှ အိမ်ရှင်အမျိုးသားကိုပါ ဖမ်းဆီးသွားသည်ဟု ကျုံပျော်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

"စစ်သားနဲ့ ရဲ အင်အား ၂၀ လောက်နဲ့ လာဖမ်းသွားဗျ။ အိမ်ရှင် အမျိုးသားကိုပါ မဆီမဆိုင်ဖမ်းသွားပြီး ဖုန်း သုံးလုံးကိုပါ ယူသွားတယ်။ဦးတိုက်မောင်းက တော်လှန်ရေးနဲ့ ပတ်သက်တာတွေကို ကူညီနေတဲ့လူ လို့တော့ သိရတယ်။ကျန်တာ တိတိကျကျမသိရဘူး"ဟု ဆိုသည်။

ယင်းအပြင် ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်တွင် နေထိုင်သည့် ကိုဒသ ဆိုသူကို စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၃ ရက်နေ့ ညဥ့်နက်ပိုင်းအချိန်၌ ထပ်မံဖမ်းဆီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် အသက် ၆၀ ကျော်အရွယ် ဦးတိုက်မောင်းနှင့် ကိုဒသတို့နှစ်ဦးကို စစ်ကောင်စီတပ်များက စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး ဦးတိုက်မောင်းနှင့်အတူ ဖမ်းဆီးခံရသည့် အိမ်ရှင်အမျိုးသားအား ကျုံပျော်မြို့နယ် ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ရဲတပ်ဖွဲ့ဝင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

"ကိုဒသကိုတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ သေသေချာချာ မသိရသေးဘူး။ဘယ်လိုအခြေအနေရှိလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေတုန်းပါ"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် အမျိုးသားသုံးဦးအား အဆက်အသွယ်မရရှိသေးသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။

ဓာတ်ပုံ - ဖမ်းဆီးခံရသူ ဦးတိုက်မောင်း

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...