မောင်တောတွင် ရဲကဖမ်းထားသည့် (၁၃) နှစ်အရွယ်လူငယ်တစ်ဦး ငါးရက်ကြာအထိ ပြန်မလွတ်သေး

မောင်တောတွင် ရဲကဖမ်းထားသည့် (၁၃) နှစ်အရွယ်လူငယ်တစ်ဦး ငါးရက်ကြာအထိ ပြန်မလွတ်သေး
မောင်တောမြို့ အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်။
မောင်တောမြို့ အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံကျေးရွာမှ အသက် (၁၃) နှစ်အရွယ် မောင်ဆင်ထော်ဆိုသူကို ပြီးခဲ့သည့် (စက်တင်ဘာလ ၂၉ ရက်) တွင် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေရကြောင်း မိသားစုဝင်များ ကပြောသည်။

အဆိုပါနေ့က မောင်ဆင်ထော်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့သည် လက်ဖက်ရည်ဆိုင်အတွက် လိုအပ်သည့်စားသောက်ကုန်ပစ္စည်းများကို မောင်တောမြို့မှ ဝယ်ယူပြီးပြန်လာစဉ် ညနေ ၄ နာရီခန့်အချိန်တွင် ရေကျော်တံတားအနီး ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးထဲမှ မောင်ဆင်ထော်ကို ရဲတပ်ဖွဲ့ဝင်များမှ ငန်းချောင်းရဲကင်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိများ၏ပြောကြားချက်ကို ကိုးကားပြီး မိခင် ဒေါ်ပေါ်ဒေါ်ဒီဘီက DMG ကို ပြောသည်။

“သူက ဆိုင်ကဝန်ထမ်းတစ်ယောက်နဲ့ မောင်တောကပစ္စည်းတွေဝယ်ပြီး ပြန်လာတဲ့အချိန် ရေကျော်တံတား အနီးမှာ အဖမ်းခံရတာပါ။ သူ့ကို ငန်းချောင်းရဲစခန်းက ဖမ်းထားတယ်လို့ သိထားရပါတယ်။ ဘာကြောင့် ဖမ်းလဲဆိုတာ မသိရသေးဘူး။ သူနဲ့အတူပါလာတဲ့ဆိုင်ဝန်ထမ်းကို ပြန်လွှတ်ပြီး ကျမသား တစ်ယောက်တည်းပဲ ဖမ်းထားတာပါ”ဟု မိခင်ဖြစ်သူကပြောသည်။

ဖမ်းဆီးခံထားရသည့် မောင်ဆင်ထော်မှာ အသက် (၁၃) နှစ်အရွယ် အဌမတန်းကျောင်းသာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများယာယီပိတ်ထားချိန်တွင် လောင်းဒုံကျေးရွာရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ အလုပ်ဝင်ရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။

လက်ရှိတွင် မောင်ဆင်ထော် ဖမ်းဆီးခံထားရသည်မှာ ၅ ရက်အထိ ကြာမြင့်လာသော်လည်း လွတ်မြောက်လာခြင်း မရှိသလို အဆက်အသွယ်လဲမရရှိကြောင်း ဒေါ်ပေါ်ဒေါ်ဒီဘီက ဆက်ပြောသည်။

“ကျမသားက အခုမှ အသက် ၁၃ နှစ်ပဲရှိသေးတာ။ ဘာမှလည်းမသိသေးဘူး။ သူတို့ မေးမြန်းစစ်ဆေးမယ် ဆိုရင်လည်း သားက တစ်ခုမှဖြေနိုင်မှာ မဟုတ်ဘူး။ သူတို့က အတင်းစစ်ဆေးမေးမြန်းရင်လည်း သားကကြောက်ပြီး စိတ်ထဲထင်တာတွေဖြေမှာလည်း စိုးရိမ်တယ်”ဟု ၎င်းကပြောသည်။

လောင်းဒုံကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “သူက လက်ဖက်ရည်ဆိုင်မှာ ကျောင်းပိတ်ကတည်းက ဝင်လုပ်နေတာ တစ်လကျော်လောက်ရှိပြီ။ သူက ‌အေးအေးဆေးဆေးနေတတ်တယ်။ လူတွေနဲ့လည်း ရန်ဖြစ်တယ်ဆိုတာ မရှိဘူး။ သူများတွေကို မကောင်းပြောတာမရှိဘူး။ သူ့ဘာသာသူ အေးဆေးနေတတ်သူပါ။ ကလေးဆိုတော့ ကလေးလိုပဲပေါ့”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့နယ် ငန်းချောင်းရဲကင်းစခန်းမှ တာဝန်ရှိသူများနှင့် အဆက်အသွယ် ရရှိနိုင်ရန် DMG မှ ကြိုးစားနေဆဲ ဖြစ်သည်။

မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လောင်းဒုံကျေးရွာမှ ဒေသခံများမှာ ငန်းချောင်းရဲစခန်းမှ ခွင့်ပြုချက်ယူပြီးမှ တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်ရရှိကြသည်ဟု ဒေသခံများကပြောသည်။ လောင်းဒုံကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဒေသခံများမှာ လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်ကြသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...