မြောက်ဦးမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး

မြောက်ဦးမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး

မြောက်ဦးမြို့မဈေးကြီး၌ ဆေးဝါးများရောင်းချနေသည့် ဆိုင်ပိုင်ရှင်တစ်ဦးကို ယနေ့ (အောက်တိုဘာလ ၃ ရက်)၊ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ အသက် ၆၇ နှစ်အရွယ် ဦးဘကျော်ဆိုသူဖြစ်သည်။ ၎င်းကို ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများက ခမရ ၃၇၇ ဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

"တောင်ရပ်လမ်းဆုံမှာ မနက်ကတည်းက စစ်သားတွေရောက်လာတယ်။ ဦးဘကျော်ကို လာဖမ်းတာကတော့ ရဲတွေပါ။ အရပ်သားစီးတဲ့ ကားအဖြူတစ်စီးနဲ့လာပြီး ရဲတွေကဖမ်းသွားတာပါ။ သူ့ကိုဖမ်းပြီးတာနဲ့ ရဲတွေရော၊ စစ်သားတွေရော ၃၇၇ ဖက်ကို ခေါ်သွားကြတယ်။ ဘာကြောင့်ဖမ်းတာလဲတော့ ဘယ်သူမှမသိကြပါဘူး"ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့မဈေးတွင် ဆိုင်ရောင်းချနေသူတစ်ဦးကလည်း ဦးဘကျော် ဖမ်းဆီးခံရမှုကို အတည်ပြုပြောဆိုသည်။

"ဖမ်းခေါ်သွားတာက ဟုတ်ပါတယ်။ သူ့ကိုဖမ်းသွားတဲ့အချိန်မှာ ကျမက သမီးကိုကျောင်းလိုက်ပို့နေလို့ မသိလိုက်ဘူး။ ပြန်ရောက်မှပဲ ဈေးထဲကလူတွေပြောပြလို့ သိရတာပါ"ဟု ဆိုသည်။

မြောက်ဦးမြို့ တောင်ရပ်လမ်းဆုံ၊ အလယ်ဈေးလမ်းဆုံနှင့် မောလိပ်ကန်လမ်းဆုံတို့တွင် ယနေ့နံနက်ပိုင်းက မြန်မာစစ်တပ်က လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဦးဘကျော်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီးခဲ့မှုကြောင့် မြောက်ဦးမြို့မဈေးတွင် ရုပ်ရုပ်သဲသဲ ဖြစ်သွားခဲ့သည်ဟုလည်း နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။

"ဦးဘကျော်ဟာ အရမ်းကို အနေအေးတဲ့သူပါ။ နိုင်ငံရေးနဲ့လည်း ပတ်သက်တဲ့သူမဟုတ်ဘူး။ အခု သူ့ကိုဘာကြောင့် ဖမ်းသွားကြလဲဆိုတာ အကုန်လုံးစဉ်း စားမရဖြစ်နေကြတယ်။ သူ့လို အေးဆေးဆိုင်ရောင်းစားနေတဲ့ သက်ကြီးပိုင်းကိုတောင် အခုလိုဖမ်းနေရင် တခြားလူတွေ ဘယ်လိုနေရဲတော့မလဲ"ဟု ၎င်းကဆိုသည်။

ယခုဖမ်းဆီးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...