PDF များ ဝင်ရောက်လာမည်ဟု သတင်းထွက်လာပြီးနောက် ဧရာ၀တီတိုင်းတွင် လုံခြုံရေးတင်းကျပ်ပြီး ရခိုင်လူမျိုးများကို ဖမ်းဆီးမှုများရှိနေ

PDF များ ဝင်ရောက်လာမည်ဟု သတင်းထွက်လာပြီးနောက် ဧရာ၀တီတိုင်းတွင် လုံခြုံရေးတင်းကျပ်ပြီး ရခိုင်လူမျိုးများကို ဖမ်းဆီးမှုများရှိနေ

သင်တန်းဆင်း PDF များဝင်လာရောက်မည်ဆိုသည့် သတင်းကြောင့် ဧရာ၀တီတိုင်းတွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး ရခိုင်လူမျိုးများကို ထပ်မံဖမ်းဆီးမှုများရှိနေသည်ဟု သတင်းရရှိသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာမှ ရခိုင်လူမျိုး  ဦးကုလားချေ၊  ဦးလှတင်နှင့်  ဦးထွန်းကြည်တို့ ၃ ဦးကို  စစ်ကောင်စီတပ်က ဖမ်းဆီး သွားခဲ့သည်။

၎င်းငါးပြေမ ကျေးရွာ ရခိုင်လူမျိုးတစ်ဦးက “ ငါးပြေမကျေးရွာသားတွေပါ။ သူတို့ကို PDF နဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဟိုင်းကြီးရေတပ်နဲ့ နယ်မြေခံ ရဲ စုစုပေါင်းအင်အား ၂၀ ကျော်လောက်က လာရောက်ဖမ်းဆီးသွားတယ်။ ဒီလူတွေက ရွာသားတွေပါ။ အေးအေးဆေးဆေးနေတဲ့လူတွေ” ဟု နိရဉ္စရာသတင်းဌာကို ပြောသည်။

ဟိုင်းကြီးကျွန်းအပါအဝင် ဧရာ၀တီတိုင်းတွင် ရခိုင်လူမျိုးများကို ပစ်မှတ်ထား ဖမ်းဆီးနေကြောင်း၊ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၃ ကြိမ် မကတော့ကြောင်း၊  ပြန်လွတ်လာသူအချို့ရှိသော်လည်း အများစုကို ဆက်လက်ဖမ်းဆီးထား၍ ဒေသခံရခိုင်များ ထိတ်လန့်နေကြကြောင်း ဟိုင်းကြီးကျွန်းဒေသခံ တစ်ဦးက ပြောကြားသည်။

စစ်ကောင်စီတပ်သည်  ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာ အသက် ၂၀ အရွယ်ရခိုင်လူငယ် သုံးဦး၊ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး၊ ရခိုင်အမျိုးသမီး သုံးဦးကိုလည်းအကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဟု သိရသည်။

 “ အခု ဒီမှာ သတင်းဖြစ်နေတာက အေအေ သင်တန်းဆင်း PDF တွေ ဝင်ရောက်နေတယ်။ နောက်လဆန်းစပြီး အလုံးအရင်းနဲ့ ဝင်လာမယ်ဆိုပြီး သတင်းဖြစ်နေတယ်။ ဒါကြောင့် ရခိုင်ဆိုရင် ရမ်းသန်းဖမ်းနေတာပါဘဲ” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းအတွင်း ယနေ့ အောက်တိုဘာလ ၁ ရက် နေ့၌ PDF တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စစ်ကောင်စီတပ်က လုံခြုံရေးအင်အားများ တိုးမြှင့်ချထားကြောင်း Mizzima ကလည်း ဖော်ပြထားသည်။

"ဧရာဝတီတိုင်း ဝင်ပေါက်ထွက်ပေါက်တွေမှာ စစ်တပ်နဲ့ရဲတွေ ထပ်တိုး ထားတယ်။ ကင်းပုန်းတွေလည်း ချထားတယ်။ နီးစပ်တဲ့လူကို မေးကြည့်တော့မှ PDF တွေဝင်လာမယ်သတင်းရလို့ စောင့်နေကြတာလို့ ပြောတယ်"ဟု ဒေသခံများကို ကိုးကားပြီး သတင်းဖော်ပြသည်။

လွတ်မြောက်နယ်မြေရောက် ဧရာဝတီတိုင်းသား PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာမည် အထင်ဖြင့် ဧရာဝတီတိုင်း ၂၆ မြို့နယ်တွင် စစ်ကောင်စီတပ်များ အင်အားတိုးမြှင့်ထားခြင်းဖြစ်သည်ဟု မြို့နယ်အသီးသီးရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောကြောင်း သတင်းတွင်ဖော်ပြသည်။

ရက္ခိုင့်တပ်တော် ( AA) သည်  ပြည်မဘက်မှ PDF များကို သင်တန်းများ ပေးနေပြီး စစ်ရေး အကူအညီများလည်း  ပေးနေသည်ဟု PDF တာဝန်ရှိသူ တစ်ဦးက လွန်ခဲ့သည့် လအနည်းငယ်က ထုတ်ဖော်ပြောကြားထားသည်။

မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA ( Magway) သည်လည်း ရက္ခိုင့်တပ်တော်ထံမှ စစ်ရေးအကူအညီများ ရရှိနေပြီး ၎င်းတို့အနေဖြင့် သင်တန်းသားသစ်များကို သင်တန်းပေးနေပြီး လက်နက်များ တပြိုင်တည်း တပ်ဆင်ရန် စီစဉ်နေကြောင်း ၎င်းအဖွဲ့၏ နိုင်ငံရေးမှူး နောင်သူရိန်က သံလွင်တိုင်းစ် သတင်းဌာနကို ၂၀၂၂ ခုနှစ် ဇွန် ၂၄ ရက်နေ့က ထုတ်ဖော် ပြောဆိုထားသည်။

နိုင်ငံရေးမှူးနိုင်သူရိန်က  “ကျွန်တော်တို့ PRA နဲ့ ရက္ခိုင့်တပ်တော်နဲ့ ဆိုတာက  မဟာမိတ်အနေအထားမှာ ရှိပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေး အထူး ကောင်းမွန်ပါတယ်။ ကျနော်တို့ သူတို့ဆီက စစ်ရေးဆိုင်ရာ အကူအညီတွေ၊ နောက်တစ်ခါ နည်းပညာဆိုင်ရာ အကူအညီတွေ အမျာကြီးရရှိနေပါတယ်” ဟု ပြောဆိုသည်။

(ဓာတ်ပုံ- မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA ( Magway)အားတွေ့ရစဉ်)

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...