တိုက်ပွဲများကြောင့် အမ်းမြို့ပေါ်တွင် ခိုလှုံနေထိုင်ခဲ့ကြရသည့် စစ်ရှောင်များကို ၎င်းတို့၏ မူလနေရပ် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုသို့ အတင်းပြန်ပို့ခဲ့ပြီးနောက် ၎င်းတို့နေရာကျေးရွာများသို့ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီတပ်က တားဆီးပိတ်ပင်ထားသဖြင့် စားနပ်ရိက္ခာများပြတ်လပ်ကာ အခက်အခဲများ ဖြစ်နေသည်ဟုဒေသခံများကပြောသည်။
ဒေသအတွင်းရှိ ၎င်းတို့ နေထိုင်ရာ ကျေးရွာများသို့ ကုန်းလမ်း၊ ရေလမ်းမှ တင်သွင်းလာသော ရိက္ခာများကို ကဇူးကိုင်းတံတား စစ်ဆေးရေးဂိတ်မှ စစ်ဆေးတားဆီးနေပြီး ဆန်တင်သွင်းမှုကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟု ကျေးရွာသား တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ ဆန်ကိုဘာလို့မတင်ရတာလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိပါဘူး။ သူတို့ (စစ်သား) က မတင်ရဘူးလို့ ပြောတယ်။ ဒီရွာတွေက ထွက်တဲ့ အသီးအနှံ အရွက်တွေကို ပြင်ပင်နေရာတွေကို တင်ပို့ ရောင်းချတာရှိတယ်။ ပြန်လာရင် ကျွန်တော်တို့ တင်ချင်တာ မတင်ရဘူး။ ဆန်မတင်မရဘူးလို့ ထွက်ကတည်းကနေသူတို့ ပြောပြီးသားပါ။ ကျွန်တော်တို့ ဒေသမှာ တချို့တွေဆိုရင် ဆန်ရှိရင်တောင် မဝယ်စားနိုင်တဲ့သူတွေ တောင်ရှိတယ်။ အခုက ဆန်ကအရမ်းရှားနေတယ်။ ဆန်မတင်ရဘူးဆိုရင် ဘယ်လို စားသောက်ကြမလဲ။အငတ်ဘေးကြုံရတော့မှာပေါ့" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့မှစပြီး ၎င်းဒေသသို့ အဝင်အထွက် ကားများနှင့် ရေလမ်းကြောင်းပေါ်မှ လှေ၊ စက်တပ်ယာဉ်များကို ကဇူးကိုင်းတံတားစစ်ဆေးရေးဂိတ်မှ ပြင်းပြင်းထန်ထန် စစ်ဆေးနေသည်ဟု သိရသည်။
ဒါးလက်အုပ်စုမှ ကျေးရွာတွင် နယ်မြေအခြေအနေကြောင့် စပါးစိုက်ပျိုးရေးမှာ ဖြစ်ထွန်းမှုမရှိသဖြင့် စစ်တွေ၊ မြေပုံ၊ ကမ်းထောင်းကြီး၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြားဘက်မှ စက်လှေဖြင့် တင်သွင်းသည့် ဆန်များနှင့် အမ်းမြို့မှ ကုန်ကားဖြင့်လာသည့် ဆန်များကို အားကိုးမှီခိုပြီး စားသောက်နေထိုင်နေကြရသည့် ဒေသတစ်ခုဟု ၎င်းကဆိုသည်။
နောက်ထပ်ကျေးရွာတစ်ခုမှ ရွာသားတစ်ဦးက " ကျွန်တော်တို့ရွာဘက်ကဆိုရင် စက်လှေတောင် တစ်စီးပဲ ထွက်ခွင့်ရှိတယ်။ စက်လှေနဲ့လည်း ဆန်၊ ရိက္ခာစတာတွေတင်ခွင့်မရပါဘူး။ အမ်းဘက်ကလာတဲ့ ကားဆိုရင် တစ်စီးပဲသွားခွင့်ရတယ်။ အဲ့ဒီကားတစ်စီးနဲ့ တစ်ရက်မှာ ဆန် ၂ တောင်းအိတ်၊ ၅ အိတ်သာတင်ခွင့်ရတယ်။ ဒီဆန်နဲ့ ဘယ်လိုလောက်ငှမလဲ၊ တစ်ရွာလုံး။ အခုတော့ အခက်အခဲ ဖြစ်နေရကြရပြီ" ဟုပြောသည်။
အမ်းမြို့နယ်၊ ဒါးလက်အုပ်စုရှိ ကျေးရွာများတွင် ယခင်က ဆန် ၁ တောင်းလျှင် ကျပ် ၁၃၀၀၀ ခန့်ဖြင့် ပေးဝယ်ရပြီး၊ လက်ရှိတွင် ၁၃၀၀၀ ဖြင့် ပေးဝယ်ရန်အတွက်လည်း ဆန်မရှိဖြစ်နေသည်ဟု ၎င်းက ပြောသည်။
အမ်းမြို့နယ် ဒလက်ချောင်းရှိ ဒေသခံ အများစုသည် ၂၀၁၉- ၂၀၂၀ နှစ်များအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အမ်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထိုသို့ တိမ်းရှောင်ပြီး အမ်းမြို့စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေသူများကို စစ်ကောင်စီက ယခုနှစ် မတ်လအတွင်းက အတင်း နေရပ်ပြန်ခိုင်းခဲ့သည်။
နေရပ်ပြန်သည့် မိသားစု ၃၀၇ စုကို စစ်ကောင်စီက တစ်စုလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၁၅၃၅ သိန်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့က အခမ်းအနားဖြင့် ထောက်ပံ့ပေးခဲ့သည်။ ၎င်းအခမ်းအနားကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုက်ပွဲရှောင် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုးနှင့် စားသောက်ဖွယ်ရာများကို ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇ စုတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။
ထိုသို့ ထောက်ပံ့မှုများပြုလုပ်ပြီးနောက် အမ်းမြို့ပေါ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၊ ကမ်းဒိတ်၊ စျေးတောင်ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ အမ်းတောင်နှင့်အမ်းမြောက်တို့တွင် နေထိုင်နေကြသည့် စစ်ဘေးရှောင် ၁၀၀၀ ကျော်ကို စစ်ကောင်စီက ၂၀၂၂ မတ်လ နောက်ဆုံးအပတ်က ၎င်းတို့၏ နေရပ်ကို ပြန်လည်ပို့ပေးခဲ့သည်။ ကျန်ရှိနေသည့် စစ်ဘေးရှောင် ၇၀၀ ခန့်သည်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ စစ်ကားများဖြင့် ထပ်မံပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် နေရပ်ပြန်သွားခဲ့ကြသည့် စစ်ဘေးရှောင်ဒါးလက်ပြည်သူများကို စစ်ကောင်စီက တစ်စုံတစ်ရာ ထောက်ပံ့မှုများ မပြုလုပ်တော့သည့်အပြင် ၎င်းကျေးရွာများသို တင်သွင်းသည့် ဆန်များကိုလည်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ထားသဖြင့် ရိက္ခာများပြတ်လပ်ကာ အခက်အခဲရောက်နေကြရသည်ဟု သိရသည်။
အမ်းမြို့နယ်၊ ဒါးလက်အုပ်စုတွင် ကျေးရွာစုစုပေါင်း ၄၄ ရွာရှိ အိမ်ခြေ ၁၇၀၀ ကျော်နှင့် လူဦးရေ ၆၀၀၀ ကျော်ရှိပြီး ချင်းလူမျိုးနှင့် ရခိုင်လူမျိုးများ နေထိုင်ကြသည်ဟုသိရသည်။
ထိုကျေးရွာသားများမှာ အဓိက သီဟိုဠ် သရက်ခင်းနှင့် ဥယာဉ်ခြံမြေ၊ တောင်ယာစိုက်ခင်းများ လုပ်ကိုင်စားသောက်ကြသော်လည်း မကြာခဏ မိုင်းပေါက်ကွဲမှုများဖြစ်ပြီး လူသေမှုများလည်းရှိနေ၍ တောင်ယာလုပ်ငန်း လုပ်ကိုင်သူလည်း နည်းပါးလာပြီး အများစုမှာ လက်လုပ်၊ လက်စားဘ၀သို့ ရောက်ရှိလာကြသည်ဟု သိရသည်။ (NN-13)
(ဓာတ်ပုံ- ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက စစ်ဘေးရှောင်တစ်ဦးအား အမ်းမြို့ အားကစားခန်းမ၌ မတ်လ ၂၆ ရက်နေ့က ထောက်ပံ့ငွေပေးအပ်နေစဉ်)







