စစ်တွေသို့ ရာထူးတိုးလာဖြေသည့် မောင်တောခရိုင်မှ ပညာရေးဝန်ထမ်း ၂၀ ကျော် လမ်းပိတ်ထား၍ ၁ လကျော်ကြာ နေရပ်မပြန်နိုင်ဘဲဖြစ်နေ

စစ်တွေသို့ ရာထူးတိုးလာဖြေသည့် မောင်တောခရိုင်မှ ပညာရေးဝန်ထမ်း ၂၀ ကျော် လမ်းပိတ်ထား၍ ၁ လကျော်ကြာ နေရပ်မပြန်နိုင်ဘဲဖြစ်နေ
ဓာတ်ပုံ - မောင်တောခရိုင်ပညာရေးမှူးရုံးအား တွေ့ရစဉ်။
ဓာတ်ပုံ - မောင်တောခရိုင်ပညာရေးမှူးရုံးအား တွေ့ရစဉ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ မောင်တောမြို့သို့ ကုန်းလမ်းနှင့် ရေးလမ်းတို့ကို စစ်ကောင်စီက ပိတ်ထားသည့်အတွက် စစ်တွေမြို့သို့ ရာထူးတိုးလာဖြေသည့် မောင်တောခရိုင်မှ ပညာရေးဝန်ထမ်း ၂၂ ဦးသည် ၁ လကျော်ကြာသည့်တိုင် နေရပ်သို့ ပြန်ခွင့်မရဘဲ စစ်တွေတွင်သောင်တင်အခက်အခဲဖြစ်နေသည်ဟု သိရသည်။

မောင်တောသို့မပြန်နိုင်ဘဲ စစ်တွေတွင်သောင်တင်နေသည့်ပညာရေးဝန်ထမ်းများတွင် အထက်တန်းကျောင်းအုပ်များ၊ ဦးစီးအရာရှိများပါဝင်ပြီး သြဂုတ်လ ၁၄ ရက် နံနက်က စစ်တွေသို့ ရာထူးတိုးလာရောက်ဖြေဆိုခဲ့ကြသူများဖြစ်သည်။

မောင်တော-စစ်တွေ ကုန်းလမ်း၊ ရေလမ်းတို့ကို သြဂုတ်လ ၁၄ ရက် နေ့လယ်မှစတင်ကာ စစ်ကောင်စီတပ်က သွားလာခွင့်ပိတ်ထားလိုက်သည့်အတွက် အဆိုပါပညာရေးဝန်ထမ်း ၂၂ ဦးသည် ရာထူးစာမေးပွဲဖြေပြီးနောက် နေရပ်ပြန်ရန် ခက်ခဲသွားခြင်းဖြစ်သည်။

သူတို့ထဲမှ ပညာရေးဝန်ထမ်းတစ်ဦးက လမ်းပိတ်ထားပြီးနောက် စစ်တွေ-အငူမော်လမ်းရှိ ရဲစခန်းများကို အကြောင်းကြားပြီး သွားရောက်ရန် ပြင်ဆင်ခဲ့သော်လည်း စစ်တွေ ရေချမ်းပြင်ဂိတ်အရောက်တွင် ခွင့်ပြုချက်မရ၍ လှည့်ပြန်ခဲ့ရကြောင်း ပြောသည်။

''မောင်တောခရိုင်ပညာရေးမှူးက အငူမော်လမ်းက ရဲစခန်းတွေကို အကြောင်းကြားပြီး လာခေါ်တယ်။ ဆရာတို့က ဒီကသွားတော့ ရေချမ်းပြင်ဂိတ်မာ စစ်တပ်က ဗိုလ်ကြီးတစ်ယောက်က အထက်ကို တင်ပြပြီး ခွင့်မပြုဘူး။ အဲ့ဒါနဲ့ ပြန်လှည့်လာခဲ့ရတယ်'' ဟု နိရဥ္စရာသို့ပြောသည်။

အဆိုပါပညာရေးဝန်ထမ်းများနေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ်ပညာရေးမှူးမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ကို စက်တင်ဘာလ ၂၈ ရက်က တင်ပြထားသော်လည်း အကြောင်းမပြန်သေးဟု နိရဥ္စရာသို့ပြောဆိုကြသည်။

စစ်တွေတွင်သောင်တင်နေသည့် နောက်ထပ်ပညာရေးဝန်ထမ်းတစ်ဦးကလည်း ''အခုလို စစ်ရေးအတွက်ပဲကြည့်ပြီး လမ်းပန်းဆက်သွယ်ရေး ကိုပိတ်တာက ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး အကုန်ကို ထိခိုက်စေတယ်။ ပညာရေးကို ဦးစားပေးတယ်ဆိုပြီး လက်တွေ့မှာ ကျန်းမာရေးလည်း လာလို့မရ ၊ ပညာရေးလည်း လာလို့မရဆိုရင် သူတို့ပြောတာ အလကားပဲဖြစ်မှာ'' ဟု နိရဥ္စရာသို့ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်နှင့် ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာထွန်းထွန်းသိန်းတို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် နောက်တစ်နေ့ စက်တင်ဘာလ ၁၄ ရက်မှစတင်ကာ စစ်တွေ ရေချမ်းပြင်-မောင်တော-အငူမော် ကုန်းလမ်း၊ ရေလမ်းတို့ကို စစ်ကောင်စီတပ်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

အလားတူ မောင်တောခရိုင်တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာပြီးနောက် သြဂုတ်လမှစပြီး ကျောင်းပေါင်း (၂၀) ခန့်အထိ ပိတ်ထားရကာ ကျောင်းသားဦးရေ (၈၀၀) ခန့်အထိ ပညာသင်ခွင့်မရဖြစ်နေသည်။

ဓာတ်ပုံ - မောင်တောခရိုင်ပညာရေးမှူးရုံးအား တွေ့ရစဉ်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...