မင်းပြားမြို့နယ် ဒုတိယပညာရေးမှူးကို စစ်တပ်ကဖမ်းဆီးထားဟုဆို

မင်းပြားမြို့နယ် ဒုတိယပညာရေးမှူးကို စစ်တပ်ကဖမ်းဆီးထားဟုဆို

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဒုတိယ ပညာရေးမှူး ဦးတင်မျိုးဇော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း မင်းပြားမြို့နယ် ပညာရေးအသိုင်းအဝိုင်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုကြသည်။

ဦးတင်မျိုးဇော်ကို ပြည်နယ်ပညာရေးမှူးရုံးက စစ်တွေသို့ လာရောက်ရန် ခေါ်ယူ၍ စက်တင်ဘာလ ၂၇ ရက်တွင် စစ်တွေမြို့၌ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

''ပြည်နယ်ပညာရေးမှူးရုံးကခေါ်တယ်ပြောလို့ စစ်တွေကို သွားတာ။ ဟိုရောက်တော့ အဖမ်းခံရတယ်ကြားတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး'' ဟု ၎င်းက ပြောသည်။

မည်သည့်အတွက် ဖမ်းဆီးထားသည်ကိုလည်း မသိရသေးဟု ဆိုသည်။

အဆိုပါဖြစ်စဉ်အား အတည်ပြုရန် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို နိရဉ္စရာသတင်းဌာက ဆက်သွယ်မေးမြန်းခဲ့ရာ “ အဲဟာကို မင်းပြားမြို့နယ်ပညာရေးမှူးရုံးကို ဖုန်းဆက်မေးလိုက်ပါ''ဟု ပြောဆိုသည်။

မင်းပြားမြို့နယ်ပညာရေးမှူးကို ထပ်မံ ဆက်သွယ်မေးမြန်းရာ ''ပြည်နယ်ပညာရေးမှူးခေါ်လို့ စစ်တွေကိုသွားတယ်'' ဟုသာ ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။  

ယခုနောက်ပိုင်း စစ်ကောင်စီတပ်သည် ရခိုင်မှ  ဆရာဝန်များနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားဖမ်းဆီးလျက်ရှိနေပြီ လက်တလော ဆရာဝန်နှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စက်တင်ဘာလ ၄ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားသူ ဦးရေမှာ (၄၀) ဦးနှင့်အထက်ရှိနေပြီး အများစုမှာ ၅၀၅(က)/(ခ) ၊ ၁၇(၁) ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...