စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ သေဆုံးဒဏ်ရာရသူများရှိလာပြီးနောက် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိသည့် နာဂရာရွာသားများ ရွာကိုစွန့်ခွာ

စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ သေဆုံးဒဏ်ရာရသူများရှိလာပြီးနောက် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိသည့် နာဂရာရွာသားများ ရွာကိုစွန့်ခွာ

စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်၍ သေဆုံးဒဏ်ရာရသူများ ရှိလာပြီးနောက် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ် နာဂရာရွာသူ/သားတို့ သည် ရွာကို စွန့်ခွာသွားကြပြီဟု သိရသည်။

ကျောက်တော်ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းကစပြီး နာဂရာရွာထဲကို ညတိုင်းလိုလို လက်နက်ကြီးများ ပစ်ခတ်သဖြင့် စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီကျော်အချိန်တွင် နာဂရာရွာထဲရှိ ဦးရွှေသန်းမောင်၏အိမ်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ယင်းအိမ်၏ဗုံးခိုကျင်းတွင် ဝင်ရောက်ခိုလှုံနေကြသည့် ဦးကျော်မောင်၏ သားဖြစ်သူ မောင်ကိုနိုင် (ခ) မောင်ကြီး (၇ နှစ်) သည် လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့သည်ဟု သိရသည်။

၎င်းနောက် နာဂရာကျေးရွာသားတို့သည် ရွာတွင် ဆက်လက်နေထိုင်ရန် မဝံ့ရဲတော့သဖြင့်  ရွာကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသည်ဟု ရွာသားတစ်ဦးက ပြောသည်။

 “ စက်တင်ဘာ ၂ဝ ရက်ကနေ စပြီး ရွာကနေ တစ်ယောက်စနှစ်ယောက် ထွက်သွားခဲ့ကြတယ်။ ဒီနေ့ ၃၀ ရက်နေ့မှာ ရွာစောင့် သက်ကြီးရွယ်အို ၄ ဦးမှ အပ အကုန်လုံး ရွာကို စွန့်ခွာထွက်သွားကြပါပြီ။ စစ်တပ်က အေအေနဲ့ ဖြစ်တာမှာ အေအေကို တိုက်မနိုင်တဲ့အတွက် အရပ်သားတွေကို ဦးတည်တိုက်ခိုက်လာတာကြောင့် ဒီရွာမှာ ဆက်နေရင် အန္တရာယ်များနိုင်တဲ့ အတွက် ဘေးလွတ်ရာကို ထွက်သွားရတာပါ” ဟု ပြောသည်။

စက်တင်ဘာ ၁၉ ရက်က စကခ (၉) တပ်ဌာနချုပ်အနီး ကုလားတန်မြစ်ထဲတွင် ကျောက်ချ ရပ်နားထားသည့် စစ်ဇက်ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရေတပ်ဇက်ရေယာဉ်မှ စစ်ကောင်စီတပ်ဖွဲ့တချို့  ကျဆုံးခဲ့သည်ဟုသိရသည်။

ယင်းပစ်ခတ်မှုဖြစ်ပွားပြီး နောက် ချက်ချင်းဆိုသလို စကခ (၉) မှ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်။ စက်တင်ဘာ ၁၉ ရက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တစ်လုံးသည်  နဂရာကျေးရွာပြင်ဘက် ကမ်းနားဘက်ရှိ ဦးထွန်းအေး၏ နေအိမ်သို့ ကျရောက်ခဲ့သော်လည်း မပေါက်ကွဲခဲ့၍ အိမ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

၎င်းနောက် စကခ (၉) မှ လက်နက်ကြီးများဖြင့် ညဉ့်တိုင်းလိုလို ပစ်ခတ်ခဲ့ရာ  စက်တင်ဘာ ၂၀ ရက်နေ့က အိမ်တစ်အိမ်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကျောင်းသား ၂ ဦးအပါအဝင် မိသားစု ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ စက်တင်ဘာ ၂၄ ရက်ကလည်း ရွာဘောလုံးကွင်းတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

နဂရာကျေးရွာသည် ကျောက်တော်ရှိ အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အနီးတွင်တည်ရှိသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျိုးလည်းမရှိဘဲ ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေမှုကြောင့် အသက်အန္တရာယ်စိုးရိမ်၍ အိုးအိမ်များကို စွန့်ကာ ထွက်ပြေးနေကြရခြင်းဖြစ်သည်ဟု ထွက်ပြေးလာသူ ရွာသားများက ပြောသည်။

ရွာသားတစ်ဦးက “ရွာမှာက ပစ္စည်းတွေကို ယူဖို့မရခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ရတဲ့သူတွေလည်း ရှိတယ်။ အခုလို ရှောင်တိမ်းနေရတော့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး အခက်အခဲအများကြီး ဖြစ်နေရပါတယ်”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နဂရာကျေးရွာအနီးရှိ ကျေးရွာများသို့ဝင်ရောက်ကာ နဂရာရွာသားများကို လိုက်လံမေးမြန်းရှာဖွေမှုများရှိနေသည်ဟု သိရှိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...